Main menu

Background

(၁၅-၁၀-၂၀၂၁) မှ (၂၁-၁၀-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 14:53 -- journal_editor

          ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြ ထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် ဖိလစ်ပိုင် နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၁၆.၀၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ပါရာဂွေး နှင့် Puerto Rico နိုင်ငံတို့တွင် (၈.၃၀ %)၊ ပါကစ္စတန် နိုင်ငံတွင် (၈.၂၀ %)နှင့် လာအိုနိုင်ငံတွင် (၈.၀၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၇၂) နိုင်ငံ ရှိကြောင်း တွေ့ရှိရ ပါသည်။

               ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ နီပေါ၊ ဘာဘေဒို၊ ဒိန်းမတ်၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ဂျော်ဒန်၊ မက္ကဆီကို၊ နော်ဝေ၊ အိုမန်နှင့် တောင်အာဖရိက စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၄၈) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်း များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

           ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အာဂျင်တီးနား၊ ကင်ညာနှင့် ခရိုအေးရှား အပါအဝင် နိုင်ငံပေါင်း (၃) နိုင်ငံသာရှိပြီး ယခင်တစ်ပတ် စျေးနှုန်း ထက် (၀.၁၀ %) မှ (၄.၃၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

          အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင် နိုင်ငံတွင် (၁၆.၀၀ %)၊ လာအို နိုင်ငံတွင် (၈.၀၀ %)၊ ကမ္ဘောဒီးယား နိုင်ငံတွင် (၆.၇၀ %)၊ မြန်မာနိုင်ငံတွင် (၃.၇၀ %)နှင့် ထိုင်းနိုင်ငံတွင် (၁.၂၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါ သည်။

          ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် လက်ဘနွန် နိုင်ငံ သည် ယခင်အပတ် စျေးနှုန်းထက် (၁၃.၁၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ပါရာဂွေး နိုင်ငံတွင် (၁၀.၅၀ %)၊ လာအို၊ ပါကစ္စတန်နှင့် Puerto Rico နိုင်ငံတို့တွင် (၁၀.၂၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၇၂) နိုင်ငံ ရှိကြောင်း တွေ့ရှိရ ပါသည်။

        ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ နီပေါ၊ ဘာဘေဒို၊ ဘီးနင်း၊ အစ္စရေး၊ ဂျော်ဒန်၊ နိုင်ဂျီးရီးယား၊ ကာတာနှင့် တောင်အာဖရိက စသည့် နိုင်ငံ များ အပါအဝင် နိုင်ငံပေါင်း (၄၇) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ဒီဇယ် စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

           ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အာဂျင်တီးနား၊ နော်ဝေ၊ ကင်ညာနှင့် ခရိုအေးရှား အပါအဝင် နိုင်ငံပေါင်း (၄) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၆၀ %) မှ (၆.၆၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

          အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ် လျှင် လာအို နိုင်ငံတွင် (၁၀.၂၀ %)၊ ကမ္ဘောဒီးယား နိုင်ငံတွင် (၉.၆၀ %)၊ ဖိလစ်ပိုင် နိုင်ငံတွင် (၄.၈၀ %)၊ ထိုင်း နိုင်ငံတွင် (၂.၇၀ %)နှင့် မြန်မာနိုင်ငံတွင် (၂.၂၀ %)၊ ဖြင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေခဲ့ကြောင်း လေ့လာတွေ့ရှိရ ပါသည်။

           ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၂) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၁) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၅) ဒေါ်လာနှုန်းဖြင့် (၃၅) နိုင်ငံမြောက် နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၉) ဒေါ်လာနှုန်းဖြင့် (၃၄) နိုင်ငံမြောက် တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

            ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ကျဆင်းလာခြင်းနှင့် လျှပ်စစ် ထုတ်လုပ်ရေးတွင် ဓာတ်ငွေ့နှင့် ကျောက်မီးသွေး စျေးနှုန်းများကြီးမြင့်လာ၍ ရေနံနှင့် ဓာတ်ဆီ ဖက်သို့ ဝယ်လိုအား ဦးလှည့်လာမှုကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးသည် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၀ အထက်သို့ ရောက်ရှိလာသည်ကို တွေ့ရှိရပါသည်။

        ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၄၄၀ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၄၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၄၄၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၄၄၅ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ် မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင် တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိပါသည်။

        မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၉၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၈၆၀၀ ကျပ်၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၉၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၉၀၀၀ ကျပ်၊ မုံရွာမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၈၆၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၈၄၀၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ ပုသိမ်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၆၄၂၅ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၆၂၄၅ ကျပ်၊ ပခုက္ကူမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၅၂၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၅၂၀၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်ဂါလံလျှင် ၈၀ ကျပ်နှင့် ဒီဇယ် တစ်ဂါလံလျှင် ၄၀ ကျပ်သို့ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။