Main menu

Background

(၁၅-၁၀-၂၀၂၁) မှ (၂၁-၁၀-၂၀၂၁) ထိ ဆန်ပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 14:56 -- journal_editor

        ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်း များမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၃ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၄ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၇ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။

               ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာ တွေ့ရှိရပါသည်။

               ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %) ဆန်စျေးများနှင့် ဗီယက်နမ် နိုင်ငံ၏ ဆန်စျေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ပါကစ္စတန် နိုင်ငံ၏ ဆန်စျေးနှုန်းမှာ အနည်းငယ် ကျဆင်းနေကာ အိန္ဒိယနိုင်ငံ ၏ ဆန်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရပါသည်။

    ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံ များသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၂၇၀၀၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉.၃၄၅ သန်း၊ ဆန်ကွဲ တန်ချိန် ၃၀၉၄၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉.၅၉၈ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၅၇၉၅၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈.၉၄၃ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၈၇၇၄.၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇.၆၀၉ သန်း၊ ဆန်ကွဲ တန်ချိန် ၁၇၅၂၄.၂၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄၈၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၆၂၉၉.၀၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃.၀၉၄ သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများ အရ သိရှိရပါသည်။

           ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၈၂၃၂.၂ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁.၇၃၆ သန်း ပိုမို တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် ၁၃၄၂၁.၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၁၁၃ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရပါသည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၉၄ ကျပ်နှုန်း ရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၃၈၁၀ ကျပ်မှ ၃၅၂၈၀ ကျပ်ကြား ပေါက်စျေး ရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၈ ကျပ် နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

           တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ် ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ ရန်ကုန်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

           Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၂.၃၁ ရာခိုင်နှုန်း စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရ ပါသည်။ ၂၀၂၁ ခုနှစ်၊ ​အောက်တိုဘာလ တတိပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။