Main menu

Background

(၁၅-၁၀-၂၀၂၁)မှ (၂၁-၁၀-၂၀၂၁)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 14:59 -- journal_editor

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ(White Sugar) တစ်တန်လျှင် (၁-၉-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၄၉၄.၆၀) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၁၉-၁၀-၂၀၂၁) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၆.၅၅) ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။

           ပြည်တွင်းသတင်းများအနေဖြင့် ကြံစိုက်တောင်သူများ ကြုံတွေ့နေရသည့် သွင်းအားစုစရိတ် မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန်နှင့် လာမည့်ကြံစိုက်ရာသီတွင် စိုက်ဧက တိုးတက်လာစေရန် ရည်ရွယ်ပြီး ကြံတစ်တန်လျှင် ကျပ် (၆၀၀၀၀) နှုန်းဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း ပြည်တွင်း သကြားထုတ်လုပ်သည့် ကုမ္ပဏီများက ကြေညာထားသည်ကို သိရှိရပါသည်။ ပြီးခဲ့သည့်နှစ် ကြံစိုက် ရာသီတွင် ကြံတစ်တန်လျှင် ကျပ် (၄၀၀၀၀) ဝန်းကျင် သတ်မှတ်ခဲ့ကာ  ယခုရာသီတွင်  ကျပ် (၆၀၀၀၀) ခန့် သတ်မှတ်ထားသောကြောင့် ကျပ် ၂၀၀၀၀ ခန့် မြင့်တက်လာခဲ့ပါသည်။ ကြံစျေးနှုန်းကို မိုင်းရယ် သကြားစက်ရုံ၊ ငွေရည်ပုလဲသကြား ကုမ္ပဏီနှင့် ဂရိတ်ဝေါ(လ်) ဝေမာ(လ်) ကုမ္ပဏီတို့က သတ်မှတ် ထုတ်ပြန်ထားပြီး အဆိုပါ စျေးနှုန်းသည် အခြေခံအနိမ့်ဆုံး ဝယ်ယူမည့် စျေးနှုန်းသဘောဖြစ်ပြီး ကြံ ထုတ်ချိန်တွင် စျေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်း သိရှိရပါသည်။

              လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (ယာယီ) စာရင်းများအရ သကြား တန်ချိန် (၅) ထောင်ကျော်ကို ပင်လယ်ရေကြောင်းမှ ဗီယက်နမ် နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ် သကြားစျေးကွက်သို့ ထိုင်းနှင့် အခြား နိုင်ငံများမှ သကြားများ ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာနမှ ပြည်တွင်း လုပ်ငန်းများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သကြားတင်သွင်းမှုများကို anti-dumping duty လုပ်ဆောင် လျက်ရှိကြောင်းကို ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။

          ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် တရုတ်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော သကြားဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၈၅) ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန်နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၃၉၇) ဒေါ်လာ၊ ပါကစ္စတန် နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၅၅၄-၆၀၅) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၇၀-၅၂၈) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက တရုတ်နိုင်ငံတွင် သကြားစျေးနှုန်းမှာ အနည်းငယ် မြင့်တက်နေခဲ့ပြီး ပါကစ္စတန်နှင့် အိန္ဒိယ နိုင်ငံတို့တွင် သကြားစျေးနှုန်း ကျဆင်းနေခဲ့ပြီး အမေရိကန် နိုင်ငံတွင် သကြားစျေးနှုန်းမှာ တည်ငြိမ် လျက် ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။

           ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဒေသ ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၄၃၀) ဒေါ်လာရှိပြီး တရုတ်နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၈၅) ဒေါ်လာ ပေါက်စျေးရှိသောကြောင့် (၁) တန် ပေါ်တွင် အမေရိကန်ဒေါ်လာ (၄၅၅) ဒေါ်လာ ဈေးနှုန်း ကွာဟချက် ရှိပါသည်။ မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမြို့တွင် သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၇၁) ဝန်းကျင်ရှိပြီး ထိုင်း နိုင်ငံ၊ မဲဆောက်မြို့၌ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၄) ဝန်းကျင်ခန့် ရှိကြောင်း လေ့လာ သိရှိရပါသည်။

           ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် ကလေးနှင့် မြစ်ကြီးနားမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၂၀၀) ကျပ်၊ ပြည်နှင့် ပဲခူးမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၁၀၀) ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး လားရှိုးနှင့် မော်လမြိုင်မြို့တို့တွင် သကြား ၁ ပိဿာလျှင် (၁၂၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။

           Trading Economics Website တွင် ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၄.၄၈ % ဈေးနှုန်း ကျဆင်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။