Main menu

Background

(၁၅-၁၀-၂၀၂၁) မှ (၂၁-၁၀-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 15:01 -- journal_editor

      ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၁ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၂ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၉၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ၁၈၅၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။

           ငွေကြေးစျေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးပြိုင် လေလံစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၅၀) သန်း ကို တစ်ဒေါ်လာလျှင် ၁၈၂၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ဗဟိုဘဏ်အနေဖြင့်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိ အောက်တိုဘာလအထိတွင်  စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၃၄.၈) သန်းကို ရောင်းချထားပြီး ယခု အောက်တိုဘာလတွင် ရောင်းချသည့် အမေရိကန် ဒေါ်လာ သန်း (၅၀) မှာ တစ်ကြိမ်တည်းဖြင့် ရောင်းချမှုအများဆုံး ဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

           ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၇၈.၁ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာလ ၁၈ ရက် နေ့တွင် တစ်ဒေါ်လာလျှင် ၁၈၂၀ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၃.၀၉ % ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

           ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၅၀ ကျပ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၀၀ ကျပ်နှင့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ လျှင် ၁၉၉၅ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။