Main menu

Background

ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပသို့ တင်ပို့မှုဆိုင်ရာအစည်းအဝေးသို့ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Fri, 10/29/2021 - 10:30 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ ၂၈     ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့၊ (၁၅:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဝါ စိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပသို့တင်ပို့မှုဆိုင်ရာကိစ္စနှင့်စပ်လျဉ်းသည့်အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြော ကြားခဲ့သည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်ကာလများတွင် ပြည်ပတင်ပို့ ခွင့်မပြုခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ပြည်တွင်းဈေနှုန်းကျဆင်းလာ၍ ဝါစိုက်ပျိုးတောင်သူများ နစ်နာမှု မရှိစေရန်အတွက် ဝါနှင့် ဝါထွက်ပစ္စည်းများကို ပြည်ပတင်ပို့ခွင့်ပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့ပြီး ပြည်ပမှကုန်ချောပစ္စည်း အထည်များကို ပြန်လည်တင်သွင်းနေရ၍ နိုင်ငံခြားငွေ ကုန်ကျသည့်အပြင် ပြည်တွင်းတွင် အဆင့်မီသည့် ကုန်ချောထုတ်လုပ်နိုင်ပါက စိုက်ပျိုးတောင်သူ၊ ကုန်သည်ပွဲစား၊ စက်ရုံ၊ အလုပ်ရုံ များအားလုံးအဆင်ပြေမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင် ရန်အတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းတွင် အမှန်စိုက်ပျိုး နိုင်သည့် ဧက၊ ခန့်မှန်းအထွက်နှုန်း၊ ပြည်တွင်းသုံးစွဲမည့် ခန့်မှန်းအရေအတွက်၊ ပိုလျှံသည့်အရေ အတွက်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းတို့ကို သက်ဆိုင်ရာဌာန များအလိုက် ညှိနှိုင်းတွက်ချက် ပြီး ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးသည် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပထမဆုံးပြုလုပ်သည့် အစည်းအဝေးဖြစ်ပြီး နောင်ကာလများတွင်လည်း သက်ဆိုင်သည့်ဌာနဆိုင်ရာများအပြင် စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ ပြည်ပတင်ပို့သူများ နှင့်ပါ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှလည်း ဌာနအလိုက် ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စိုက်ပျိုးသူ၊ ရောင်းဝယ်သူ၊ ပြည်ပတင်ပို့သူအားလုံး နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

MOC (IR)