Main menu

Background

ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျှော့ချရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 10/29/2021 - 10:31 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ ၂၈     ၂၀၂၁ ခုနှစ်၊အောက်တိုဘာလ (၂၈)ရက်နေ့၊နံနက် (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌  စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း ဦးဆောင်၍ ကျန်းမာရေးအတွက် ဆီစားသုံးမှု လျော့ချရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု၏ အကျိုးဆက်များအဖြစ် စီးပွားရေးလုပ်ငန်းများတုန့်ဆိုင်းခြင်း၊ ပို့ကုန်တင်ပို့ မှုလျော့ကျခြင်း အစရှိသည့် အကြောင်းရင်းများကြောင့် နိုင်ငံခြားငွေကြေးသုံးစွဲမှုကို လျှော့ချနိုင် စေရန်အတွက် စားသုံးဆီတင်သွင်းမှုကို လျှော့ချရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံ၌ စားသုံးဆီသုံးစွဲမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် (၁၂)သိန်းခန့်ရှိပြီး ပြည်တွင်း၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ မုံညှင်း၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ် လုပ်လျက်ရှိသော်လည်း ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမှာ တန်ချိန် (၃)သိန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန် (၉) သိန်း ခန့် တင်သွင်းနေရပြီး စားသုံးဆီတင်သွင်းမှုကို လျှော့ချရန်လိုအပ်ကြောင်းနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် ဆီစားသုံးမှုလျော့ချနိုင်ရေး၊ ပြည်တွင်း၌ ဆီထွက် သီးနှံတိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်းဆီထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ စားသုံးဆီကဏ္ဍတွင် နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချနိုင်ရေး၊ ကျန်းမာရေးရှုထောင့်အရ ပြည်တွင်းရှိ လူတစ်ဦးချင်းဆီစားသုံးမှုပုံစံများ လျှော့ကျလာစေရေး၊ ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် နိုင်ငံတိုင်းက ပြည်တွင်း၌ ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးမြှင့်လာစေရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးစဉ်းစားဆောင် ရွက်နေကြသလို ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်ပမှစားသုံးဆီ တင်သွင်းမှုကို လျှော့ချရာတွင် ပြည်တွင်းရှိ စားသုံးသူများမထိခိုက်ရေးနှင့် တရားမဝင်တင်သွင်းမှုများကို တားဆီးထိန်းချုပ် အရေးယူနိုင်‌‌ရေးတို့အတွက် ဆောင်ရွက်မည့်အစီအမံများအပေါ် ကဏ္ဍ အလိုက်ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC (IR)