Main menu

Background

အာဆီယံစီးပွားရေးအသိုက်အဝန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 10/29/2021 - 10:33 -- journal_editor

 

အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ ၊ ၁၃:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်၌ ကျင်းပ ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ ဘာသာရပ်ဆိုင်ရာ ဌာနများမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီး ဖြစ်သူ ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၅၃) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများနှင့် အောက်တိုဘာလ တတိယ ပတ်တွင် ကျင်းပပြီးစီးခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီ အစည်းအဝေးတို့တွင် ဆွေးနွေးညှိနှိုင်းချက်များအရ အေအီးစီလုပ်ငန်းစဉ်များအကောင်အထည်ဖော် မှု၌ မြန်မာနိုင်ငံက ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာဌာနများက ဆက်လက်ဆောင်ရွက်ပေးရမည့် ကိစ္စများကိုလည်းကောင်း ၊ မိမိတို့ နိုင်ငံက လိုက်ပါအကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို သတ်မှတ်အချိန်အတိုင်း ပြီးစီးအောင် ဆောင်ရွက်ရာတွင် အခက်အခဲများ၊ ညှိနှိုင်းပေါင်းစပ်ပေးရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လုပ်ငန်းအဆင့်အစည်းအဝေးများကျင်းပ၍ ဆက်လက်ညှိနှိုင်းဆွေးနွေးရန်ကိစ္စများ ကိုလည်းကောင်း ပြောကြားပြီး (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်ဆိုင်ရာဌာနများအနေဖြင့် အေအီးစီဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဌာနများတွင် လူ့စွမ်းအားအရင်းအမြစ်ပြတ်လပ်မှု မရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်နှင့် အေအီးစီဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှုအခြေအနေများကို သုံးသပ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ၂၀၂၁ ခုနှစ်အတွက် အေအီးစီ အကောင်အထည်ဖော်မှုတွင် မြန်မာနိုင်ငံက ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ဒေသတွင်း နှင့်နိုင်ငံစုံလွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များ အပြင် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (Bilateral Free Trade Agreement) နှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ်များ (Bilateral Investment Treaty -BIT) ချုပ်ဆိုနိုင်မည့် အလားအလာများကို ရှာဖွေ၍ ဆက်လက်ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါ သည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က အာဆီယံ စီးပွားရေးအသိုက်အဝန်းပုံစံ ၂၀၂၅ ကာလလယ်သုံးသပ်ချက် ဆောင်ရွက်မှုရလဒ်အပါအဝင် အေအီးစီ လုပ်ငန်းစဉ်များအကောင်အထည်ဖော်မှုအခြေအနေများ၊ မြန်မာနိုင်ငံက အာဆီယံ၌ပါဝင်ခြင်းဖြင့် ရရှိ သည့် အကျိုးကျေးဇူးနှင့် စိန်ခေါ်မှုဆိုင်ရာ ဆန်းစစ်လေ့လာမှုကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ ဘာသာရပ်ဆိုင်ရာဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှု အခြေအနေများ၊ ပူးပေါင်း ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။