Main menu

Background

(၂၂-၁၀-၂၀၂၁) မှ (၂၈-၁၀-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Mon, 11/01/2021 - 11:19 -- journal_editor

        ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် လက်ဘနွန်နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၂၄.၇၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ဗီယက်နမ် နိုင်ငံတို့တွင် (၆.၄၀ %)၊ Uzbekistan နိုင်ငံတွင် (၅.၈၀ %)နှင့် သြစတြေးလျနိုင်ငံတွင် (၅.၅၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၅၄) နိုင်ငံ ရှိကြောင်း တွေ့ရှိရပါသည်။

         ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဘာဘေဒို၊ ဘူတန်၊ အီဂျစ်၊ အစ္စရေး၊ အီတလီ၊ အိုမန်နှင့် မက္ကဆီကို စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၆၃) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

       ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဖိလစ်ပိုင်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်နှင့် ခရိုအေးရှား အပါအဝင် နိုင်ငံပေါင်း (၆) နိုင်ငံသာရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၃.၇၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

        အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတွင် (၆.၄၀ %)၊ စင်ကာပူနိုင်ငံတွင် (၂.၃၀ %) နှင့် ထိုင်းနိုင်ငံတွင် (၁.၆၀ %) ဖြင့် စျေးနှုန်းများမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၀.၆၀ %)နှင့် ဖိလစ်ပိုင်နိုင်ငံတွင် (၃.၇၀ %) ဖြင့် စျေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိတည်ငြိမ်နေကြောင်းလေ့လာတွေ့ရှိရပါသည်။

       ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် လက်ဘနွန်နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၅.၁၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Ecuador နိုင်ငံတွင် (၁၂.၄၀ %)၊ ဗီယက်နမ် နိုင်ငံတို့တွင် (၆.၇၀ %)နှင့် ပနားမား နိုင်ငံတို့တွင် (၅.၇၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၅၇) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

         ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ အယ်လ်ဘေးနီးယား၊ ဘာဘေဒို၊ ဘီးနင်း၊ အီတလီ၊ ဂျော်ဒန်၊ မိုနာကိုနှင့် ကာတာ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၆၁) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲမရှိဘဲ ဒီဇယ် စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ပြင်သစ်၊ မက္ကဆီကိုနှင့် ခရိုအေးရှား အပါအဝင် နိုင်ငံပေါင်း (၅) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၆.၂၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

         အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ် လျှင် ဗီယက်နမ် နိုင်ငံတွင် (၆.7၀ %)၊ ဖိလစ်ပိုင်နိုင်ငံတွင် (၃.၃၀ %)၊ စင်ကာပူနိုင်ငံတွင် (၃.၀၀ %) နှင့် ထိုင်းနိုင်ငံတွင် (၁.၀၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၆.၂၀ %) ဖြင့် စျေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

        ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီစျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၃) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၂) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၈) ဒေါ်လာနှုန်းဖြင့် (၃၇) နိုင်ငံမြောက် နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၇) ဒေါ်လာနှုန်းဖြင့် (၃၃) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။    

     ကမ္ဘာ့ရေနံထုတ်လုပ်မှုနှင့် သုံးစွဲမှုအများဆုံးဖြစ်သော အမေရိကန်နိုင်ငံတွင် ဝယ်လိုအား အားကောင်းလာမှုကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ အထက်တွင်သာ ရှိနေသည်ကို တွေ့ရှိရ ပါသည်။

         ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အောက်တိန်း92 တစ်လီတာလျှင် ၁၄၂၀ ကျပ်၊ အောက်တိန်း95 တစ်လီတာလျှင် ၁၄၇၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၃၅၀ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ် မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင် တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိပါသည်။

       မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ တောင်ကြီးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၆၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၅၃၅ ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ လွိုင်ကော်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၄၆၃ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၅၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၆၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်း များမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၂0 ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် 50 ကျပ်ထိ စျေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။