Main menu

Background

(၅-၁၁-၂၀၂၁) မှ (၁၁-၁၁-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 11/15/2021 - 09:51 -- journal_editor

            ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၀) နိုင်ငံအနက် တူရကီနိုင်ငံသည် ယခင်အပတ်စျေးနှုန်းထက် (၆.၁၀ %) ဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဘူတန်နှင့်ပါကစ္စတန်နိုင်ငံတို့တွင် (၅.၈၀ %)၊ Aruba နိုင်ငံတို့တွင် (၅.၂၀ %) ဖြင့် ဈေးနှုန်းများမြင့်တက် ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၄၂) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

           ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ အယ်လ်ဘေနီးယား၊ ကိုလံဘီယာ၊ မိုနာကို၊ နိုင်ဂျီးနီးယားနှင့် တောင်အာဖရိက စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၉) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

            ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အိန္ဒိယ၊ ထိုင်ဝမ်၊ ခရိုအေးရှား၊ ကနေဒါ၊ မက္ကဆီကို၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီ အပါအဝင် နိုင်ငံပေါင်း (၁၉) နိုင်ငံသာရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၆.၈၀ %) ထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင် နိုင်ငံတွင် (၃.၈၀ %)၊ ထိုင်း နိုင်ငံတွင် (၁.၂၀ %) နှင့် စင်ကာပူ နိုင်ငံတွင် (၀.၇၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ် နေကြောင်း လေ့လာတွေ့ရှိရပါသည်။

          ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၀) နိုင်ငံအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင်အပတ်စျေးနှုန်းထက် (၂၃.၁၀ %) ဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Aruba နိုင်ငံတွင် (၈.၂၀ %)၊ ပါကစ္စတန် နိုင်ငံတို့တွင် (၆.၁၀ %)နှင့် လက်ဘနွန် နိုင်ငံတို့တွင် (၄.၄၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၄၂) နိုင်ငံ ရှိကြောင်း တွေ့ရှိရပါသည်။

          ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ အစ္စရေး၊ မိုနာကို၊ နယူးဇီလန်၊ နိုင်ဂျီးရီးယား၊ အိုမန်၊ ကာတာနှင့် တောင်အာဖရိက စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၉) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

           ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ထိုင်း၊ အိန္ဒိယ၊ ဟန်ဂေရီ၊ ပီရူး၊ ဆွီဒင်၊ ပေါ်တူကီ၊ ကနေဒါ၊ လူဇင်ဘတ်နှင့် ဖင်လန် အပါအဝင် နိုင်ငံပေါင်း (၁၉) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၉.၇၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် (၄.၂၀ %) နှင့် စင်ကာပူ နိုင်ငံတွင် (၁.၁၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် (၀.၁၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

           ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြ ထားရှိသည့် ကမ္ဘာ့စက်သုံးဆီစျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၄) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၆) ရှိပြီး စက်သုံးဆီစျေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၉) ဒေါ်လာနှုန်းဖြင့် (၃၇) နိုင်ငံမြောက် နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၉) ဒေါ်လာနှုန်းဖြင့် (၃၀) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

         ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၄၀၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၁၄၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၇၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၃၈၅ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင် တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချဆောင်ရွက်လျက်ရှိပါသည်။

          မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၇၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၆၅၀ ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ လွိုင်ကော်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၇၃ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၉၆ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၃၄ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီတစ်လီတာလျှင် ၃၀ ကျပ်သို့ ကျဆင်းခဲ့ပြီး ဒီဇယ်တစ်လီတာလျှင် ၂၅ ကျပ်ထိ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။