Main menu

Background

(၅-၁၁-၂၀၂၁) မှ (၁၁-၁၁-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 11/15/2021 - 10:12 -- journal_editor

         ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၁ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၂၇ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရွှေဈေးသည်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၇၉၀၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ၁၇၈၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရှိရပါသည်။

            မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးကို ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းတို့အကြား ထားရှိရမည့် ကွာဟချက်မှာ ဗဟိုဘဏ်ရည်ညွှန်းနှုန်းထား၏ အတိုးအလျှော့ (၀.၈) ရာခိုင်နှုန်း သတ်မှတ်ထားခြင်းကို    ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပယ်ဖျက်ခဲ့ပါသည်။ ထိုသို့ ပယ်ဖျက်ခဲ့ပြီးနောက် နှစ်လအကြာတွင် နိုင်ငံခြားငွေရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဗဟိုဘဏ် ရည်ညွှန်းနှုန်းထား (CBM Reference Rate) ၏ (၀.၅) ရာခိုင်နှုန်းအတွင်း အတိုးအလျှော့ ပြုလုပ်ဝယ်ယူရောင်းချရမည်ဟု ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင်  ပြန်လည်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းကို AD လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေကြေး ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် MC လိုင်စင်ရဘဏ်များနှင့် MC လိုင်စင်မရသည့် ကုမ္ပဏီအဖွဲ့အစည်းများသည် အဆိုပါ (၀.၅) ရာခိုင်နှုန်းဘောင်အတွင်းသာ ရောင်းဝယ်ရမည်ဖြစ်ပြီး ကျော်လွန်ဆောင်ရွက်ပါက အရေးယူခံရမည်ဟု ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်ကို သိရှိရပါသည်။

           ၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၃ ရက် နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၇၆၀ ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၇၇၆ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၀.၉၁ % မြင့်တက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

              ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၂၀ ကျပ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၆၀ ကျပ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ လျှင် ၁၉၃၀ ကျပ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၃၀ ကျပ်နှင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၃၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။