ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၆၄ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၅၅ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၀၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၈၀၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရှိရပါသည်။
၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၁ ရက် နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၇၇၇.၈ ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၇၇၁.၈ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ် နှုန်းမှာ တစ်ပတ်အတွင်း ၀.၃၄ % ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၂၀ ကျပ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ်နှင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။