Main menu

Background

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်သွယ်မှု လုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်

Sat, 11/27/2021 - 14:26 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေခြင်းကို ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် မန်းဝိန်းဂိတ်အား(၃၀-၃-၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ ကျိန်စမ်း ကျော့ဂိတ်နှင့် ကြုကုတ်-ပန်ဆိုင်းဂိတ်အား(၈-၇-၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးနယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဖက်မှ (၁၈-၄-၂၀၂၁)ရက်နေ့မှစ၍ တင်ပို့/တင်သွင်းခြင်း ကို ယာယီရပ်ဆိုင်းခဲ့သည်။   မြန်မာဖက်မှလည်း ကိုဗစ်ကပ်ရောဂါပြန့်ပွားမှုကြောင့် (၆-၁၀-၂၀၂၁) ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့ပါသည်။

(၂၂-၁၁-၂၀၂၁) ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော အဖွဲ့နှင့်တရုတ်နိုင်ငံ ၊ ရွှေလီမြို့တော်ဝန်ဦးဆောင်သောအဖွဲ့တို့ ကုန်သွယ်မှုပြန်လည်စတင်နိုင်ရေး Online Meeting ဖြင့် ဆွေးနွေးညှိနှိုင်းချက်များအရ (၂၆-၁၁-၂၀၂၁)ရက်နေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန်အနေဖြင့် ရော်ဘာ(၇၀)တန်၊ သီဟိုစေ့ (၂၆)တန်၊ ဆန်ကွဲ(၇၀)တန်၊ စုစုပေါင်း ယာဉ်(၅)စီးဖြင့် လည်းကောင်း၊ သွင်းကုန်အနေဖြင့် မော်တော်ဆိုင်ကယ် (၂၈၅)စီးနှင့် ဆိုင်ကယ်အပိုပစ္စည်းများ တင်ဆောင်သည့်ယာဉ် စုစုပေါင်း(၅)စီးအားလည်းကောင်း စတင် ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း  နှစ်ဖက်ညှိနှိုင်းချက်များအရ   ​ ရွှင်ချွမ်လုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက်မှ လက်ဖက်ခြောက်ကုန်ကြမ်း (၃.၉၂၉)တန် ၊ လက်ဖက်ခြောက် တန်ချိန် (၇.၈၅၈) တန်အား နမ့်ဖာဟော်တံတားဂိတ်၌ (၂၆-၁၁-၂၀၂၁) ရက်နေ့  ၀၇ ၃၀ နာရီအချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ဖက်(တရုတ်)နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ တရုတ်ဘက်မှလည်း ဓာတ်မြေသြဇာနှင့်လူသုံးကုန်ပစ္စည်းများ စတင်၍  တင်သွင်းတော့မည်ဖြစ်ကြောင်း အဆိုပါကုန်သွယ်ရေးစခန်းများမှ သိရှိရပါသည်။

                                                                                       အိမ့်( CJ)