Main menu

Background

ဟင်္သာတခရိုင်၌ အစေ့ထုတ်ပြောင်းစိုက်ပျိုးအောင်မြင်

Wed, 12/01/2021 - 15:27 -- journal_editor

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် အောက်တိုဘာလဆန်းမှစ၍ မိုးစပါးများစတင်ရိတ်သိမ်းပြီး၊ နိုဝင်ဘာလဆန်းတွင် သီးထပ်အဖြစ်မတ်ပဲ၊အစေ့ထုတ်ပြောင်း ၊နွေစပါးစသည်တို့ကို တောင်သူများစိုက်ပျိုးနေချိန် ဖြစ်သည်။  ဟင်္သာတခရိုင်တွင် စုစုပေါင်းစိုက်ဧက ငါးသိန်းကျော်ရှိပြီး ၊မတ်ပဲစိုက်ဧကလေးသိန်းကျော်၊အစေ့ထုတ်ပြောင်းစိုက်ဧကခုနှစ်သောင်းကျော်၊နွေစပါးစိုက်ဧကသုံးသောင်းကျော်စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။

      ဟင်္သာတခရိုင်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး နှစ်စဉ်မြေနုကျွန်းများပေါ်ထွက်သောဒေသများဖြစ်သည့်၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ် ၊ဇလွန်မြို့နယ် ၊မြန်‌အောင်မြို့နယ် ၊ကြံခင်းမြို့နယ်ရှိ မြေနုကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်းများကိုလည်းစိုက်ပျိုးကြပါသည်။

          အစေ့ထုတ်ပြောင်းသည်မြေတွင်းအာဟာရဓာတ်စုပ်ယူမှုများပြီးနုန်းမြေ၊နုန်းမြေစေး၊သဲနုန်း မြေများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ထို့ကြောင့် အစေ့ထုတ်ပြောင်းကို ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေကျချိန် ဆောင်းရာသီအစ အောက်တိုဘာအကုန် ၊နိုဝင်ဘာလဆန်းမှာ စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန်မတ်လဆန်းမှာ ရိတ်သိမ်းကြသည်။ တချို့နုန်းမြေတွေမှာမျိုးစေ့ကို စူးထိုးစိုက်ပျိုးကြသည်။

     ပြောင်းသည် လေဖြင့်ဝတ်မှုန်ကူးသော အပင်ဖြစ်ပြီး အပင်တန်းများကို လေသွားလမ်းကြောင်းအတိုင်း ကန့်လန့်ဖြတ်စိုက်ပျိုးကြသည်။၊ ပြောင်းမျိုးမှာကုမ္ပဏီထုတ် (888,333,809,GT 722,SA 282) ကဲ့သို့သောမျိုးများကို စိုက်ပျိုးကြပြီး ၊အထွက်နှုန်းမှာ တစ်ဧကလျှင်တင်း(၉၀) မှ (၁၀၀) ကြားထွက်ရှိပါသည်။၂၀၁၉-၂၀၂၀ခုနှစ်တစ်ဧကကုန်ကျစရိတ်မှာကျပ် (၄၀၀၀၀၀) မှ (၅၀၀၀၀၀)ကြားကုန်ကျမှုရှိပြီး၊ပြောင်းစပေါ်ချိန်ပေါက်ဈေးမှာတစ်တင်းလျှင် (၉၀၀၀) ကျပ်ခန့်ရှိသည့်အတွက်တင်း(၁၀၀) နှုန်းဖြင့်တွက်မည်ဆိုပါက (၉၀၀၀၀၀)ကျပ်ခန့်ဝင်ငွေရှိပြီး၊ပျမ်းမျှ (၄၅၀၀၀၀) ကျပ်ခန့်အမြတ်ရရှိသည့်သီနှံလည်းဖြစ်သည်။

     ယခုနှစ်ဆောင်းရာသီတွင်စိုက်ပျိုးမည့်အစေ့ထုတ်ပြောင်းတစ်ဧကကုန်ကျစရိတ်သည်မြေပြင်ခ၊သွင်းအားစုဈေး၊ရေသွင်းရာတွင်အသုံးပြုရသည့်စက်သုံးဆီဈေး၊ရိတ်ခြွေစက်ငှားရမ်းခများပေါ်မူတည်၍တစ်ဧကလျှင်ကျပ်(၆၀၀၀၀၀) မှ (၇၀၀၀၀၀)  ကြားကုန်ကျနိုင်သည့်အတွက် ပြောင်းပေါ်ချိန်ဈေးကောင်းရမှသာ တောင်သူများတွက်ချေကိုက်မည်ဖြစ်သည်။

    ယခင်နှစ်ပြောင်းပေါ်ချိန်ဖေဖော်ဝါရီကုန်တွင်တစ်တင်းဈေး(ဒေသဈေး) (၉၀၀၀) ကျပ်မှ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီးမေလတွင် (၁၁၅၀၀)ကျပ်ဈေးပေါက်ချိန်တွင် တောင်သူအများစု လက်ဝယ်ပြောင်းမရှိတော့ပဲ လှောင်လက်နှင့် ကုန်သည်များထံတွင်သာ ပြောင်းလက်ကျန်ရှိတော့သည့်အတွက်အမြင့်ဈေးနှုန်း ကိုတောင်သူများအကျိုးမခံစားရကြ​ပေ။

   အစေ့ထုတ်ပြောင်းကို သိုလှောင်ရန်အစိုဓာတ်ရာခိုင်နှုန်းမှာ ၁၃ ဒသမ ၅ရာနှုန်းလိုအပ်ပြီး ရိတ်သိမ်းချိန် ဖေဖော်ဝါရီလကုန်သည် နှင်းကျချိန်ဖြစ်သဖြင့် အခြောက်ခံသည့်စရိတ် ပိုမိုကုန်ကျသည်။ သို့ဖြစ်၍ အခြောက်ခံသိုလှောင်မှုမရှိပဲ၊ ပေါ်ပေါ်ချင်း ရောင်းလိုက်ရသည့်အတွက် တောင်သူအများစုမှာအမြင့်ဈေး၊ ဈေးကောင်းမရရှိခြင်းဖြစ်သည်။

     ဟင်္သာတတစ်ခရိုင်လုံးပြောင်းစိုက်ဧက (၇၀၀၀၀) ခန့်ရှိပြီး၊အထွက်နှုန်းပျမ်းမျှ (၉၀-၁၀၀) တင်းခန့်ထွက်ရှိပြီး၊ ၎င်းတို့ကို၂၀၁၈ခုနှစ်အထိ ရန်ကုန်အစာစပ်စက်ရုံများသို့ တင်ပို့ရောင်းချသည်။ ၂၀၁၉၊၂၀၂၀ခုနှစ်တွင် မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီးထွက်ရှိသည့်ပြောင်းပမာဏ၏၆၀ရာခိုင်နှုန်းကျော်တင်ပို့ရောင်းချနိုင်ခဲ့သည်။ ပြည်တွင်းမှ ထွက်ရှိသော အစေ့ထုတ်ပြောင်များကို တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူလျက် ရှိပါသည်။မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းအနေနှင့်လည်းပြောင်းစိုက်တောင်သူများအတွက်သိုလှောင်ရုံများ၊ အခြောက်ခံစက်များတည်ဆောက်ပေးရန် အစီအစဉ်ရှိသော်လည်း ကိုဗစ်-၁၉ကြောင့် နှောင်းနှေးကြန့်ကြာလျက် ရှိကြောင်း လေ့လာသိရှိရသည်။ တောင်သူများအတွက်စိုက်စရိတ်များထုတ်ချေးနိုင်ရေး၊စိုက်စရိတ်များလျှော့ချနိုင်ရေး ၊သိုလှောင်ရောင်းချနိုင်ရေး အတွက်ဒေသတွင်းသိုလှောင်ရုံများ၊ အခြောက်ခံစက်များတည်ဆောက်ပေးနိုင်လျှင် တောင်သူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ပြီး၊ပြောင်းအခြေခံထုတ်ကုန်များထုတ်လုပ်နိုင်ပါကသွင်းကုန်အစားထိုးနိုင်ပြီး၊ နိုင်ငံခြားငွေလိုအပ်ချက် လျော့နည်းလာမည်ဖြစ်ကြောင်း သိရှိရသည်။

 

                                                                                                          KTK            

                                                                                                ဧရာဝတီတိုင်းဒေသကြီး