Main menu

Background

(၂၆-၁၁-၂၀၂၁) မှ (၂-၁၂-၂၀၂၁) ထိ ဆန် ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 12/06/2021 - 09:38 -- journal_editor

         ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၉ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရပါသည်။

            ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၈ ဖြင့် လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၃ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %) ပါကစ္စတန်နိုင်ငံ၏ ဆန်စျေးနှုန်းများမှာ အနည်းငယ် မြင့်တက်ခဲ့ပြီး ဗီယက်နမ်နှင့်အိန္ဒိယနိုင်ငံတို့တွင် ဆန်စျေးနှုန်းများ တည်ငြိမ်လျက်သည်ကို သိရှိရပါသည်။

          ဆန်ဈေးကွက်နှင့် ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် အာရှဆန်ဈေးကွက်တွင် ဘတ်ငွေတန်ဖိုးမြင့်လာခြင်းနှင့် အဝယ်အော်ဒါများ များပြားလာခြင်းကြောင့် ထိုင်းပို့ကုန်ဆန်ဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း သိရှိရပါသည်။ ထိုင်းဆန်ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ပြည်တွင်းမှ ဆန်ပို့ကုန်သမားများသည် ဆန်များကို ရသလောက် ဝယ်လှောင်ပြီး တက်ဈေးကို စောင့်ဆိုင်းနေကြသည်ဟု ဘန်ကောက်မှ ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးသည် ယခင်အပတ်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေကြောင်း သိရှိရပါသည်။ ဗီယက်နမ်ဆန်ကို အဓိကဝယ်ယူသော  ဖိလစ်ပိုင်နိုင်ငံသည် ယာယီအနေဖြင့် ဗီယက်နမ်ဆန်ကို အဝယ်ရပ်ရန် ပြင်ဆင်နေသည်ဟု သတင်းထွက်နေကြောင်း သိရှိရပါသည်။ သို့သော် ဗီယက်နမ်ပြည်တွင်းမှာ ဆန်ရောင်းအားလျော့ကျလာသဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ဆန်အဝယ်ရပ်မည်ဆိုလျှင်ပင် ကြီးကြီးမားမား ထိခိုက်သွားခြင်း မရှိနိုင်ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် လက်ရှိဆန်စပါး ရောင်းအားနည်းနေပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် မတ်လလောက်မှသာ ဆန်သစ်များ ပေါ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် နှစ်ပတ်ဆက်တိုက်ကျဆင်းခဲ့သည့် ပို့ကုန်ဆန်ဈေးများသည် ယခုတစ်ပတ်တွင် တည်ငြိမ်နေကာ နွေစပါးသစ်များလည်း ပေါ်နေခြင်းကြောင့် ဆန်ရောင်းအား များပြားလာကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဆန်စပါး ရောင်းအားများလာချိန်တွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံများက ဆက်တိုက် ဝယ်ယူနေခြင်းရှိကြောင်း အိန္ဒိယ ဆန်ပို့ကုန်သမားတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

           ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်မားလာသည့်အတွက် မြန်မာနိုင်ငံထံမှ ဆန်(မက်ထရစ်)တန်ချိန် ၁ သိန်းကို အစိုးရအချင်းချင်း သဘော တူညီချက် (G to G) ဖြင့် တင်သွင်းရန် အစီအစဉ်ရှိကြောင်း၊ သို့သော် သီရိလင်္ကာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှ MOU ရေးထိုးရန် အချိန်လိုအပ်မည် ဖြစ်သောကြောင့် (G to G) MOU ရေးထိုးခြင်း မပြုသေးဘဲ အရောင်းအဝယ် စာချုပ်ဖြင့်သာ ဆောလျင်စွာ ဆောင်ရွက်လိုသဖြင့် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ Myanmar White Rice 5% တန်ချိန် ၃ သောင်းနှင့် Myanmar Parboiled Rice 5% တန်ချိန် ၃ သောင်း တင်ပို့ရောင်းချနိုင်ရေးအတွက် Virtual Meeting ဖြင့် အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး စျေးနှုန်းအနေဖြင့် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ ဖြင့် အဆိုပြုထားကြောင်း သိရှိရပါသည်။

           လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂၆ ရက် အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၂၃၅၂၉၅.၅၉၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၇၈.၆၄၁ သန်း၊ ဆန်ကွဲ တန်ချိန် ၁၆၀၂၄၆ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၈.၆၅၉ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၉၅၅၄၁.၅၉၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၇.၃၀၀ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၂၃၀၃၆၀.၇၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၁.၅၀၁ သန်း၊ ဆန်ကွဲ တန်ချိန် ၁၁၆၇၄၃.၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈.၃၁၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၄၇၁၀၄.၄၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၉.၈၁၂ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရပါသည်။

           ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၉၃၄.၈၄၀ တန် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂.၈၆၀ သန်း လျော့နည်းကြောင်း၊ ယခင်နှစ်၌ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆန်တစ်တန်လျှင် ပျမ်းမျှ စျေးနှုန်းမှာ ၃၉၈ ဒေါ်လာနှင့် ဆန်ကွဲတစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၃၂၅ ဒေါ်လာရှိပြီး ယခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၆၀ ဒေါ်လာခန့် စျေးနှုန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၄၃၅၀၂.၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၃၄၈ သန်း ပိုမိုတင်ပို့ခဲ့သည်ကိုသိရှိရပါသည်။

            မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၈၀ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၂၂၀၀ ကျပ်မှ ၃၃၆၀၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁  ရက်နေ့ တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၅ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

          တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ် ဖြင့် အမြင့်ဆုံး စျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ ရန်ကုန်၊ မြိတ်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်နှင့် မော်လမြိုင်မြို့တွင် ၁၀၅၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

           Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၂.၄၅ ရာခိုင်နှုန်း စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ လဆန်းပိုင်းတွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။