Main menu

Background

(၂၆-၁၁-၂၀၂၁) မှ (၂-၁၂-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Mon, 12/06/2021 - 09:57 -- journal_editor

           ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၂) နိုင်ငံအနက် ကမ္ဘောဒီးယား နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၄.၂၀ %) ဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး သြစတြေးလျ နှင့် လက်ဘနွန် နိုင်ငံတို့တွင် (၂.၅၀ %)နှင့် Kyrgyzstan နိုင်ငံတွင် (၁.၆၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၁၇) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

               ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ အာဂျင်တီးနား၊ ဘီနင်း၊ အီဂျစ်၊ အစ္စရေး၊ အီတလီနှင့် ဆွီဒင် စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၇၄) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

           ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ ဘရာဇီး၊ ဂရိ၊ ကနေဒါ၊ ပြင်သစ်၊ ယူကရိန်း၊ ဂျာမနီ၊ ဒိန်းမတ်နှင့် နော်ဝေ အပါအဝင် နိုင်ငံပေါင်း (၃၁) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၄.၂၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

          အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘောဒီးယား နိုင်ငံတွင် (၄.၂၀ %) ဖြင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် (၁.၄၀ %)နှင့် မြန်မာနိုင်ငံတွင် (၃.၀၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

          ဒီဇယ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၂) နိုင်ငံအနက် Cayman Islands နိုင်ငံ သည် ယခင်အပတ် စျေးနှုန်းထက် (၄.၃၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Kyrgyzstan နိုင်ငံတွင် (၃.၂၀ %)၊ လက်ဘနွန် နိုင်ငံတွင် (၂.၇၀ %)နှင့် လူဇင်ဘတ် နိုင်ငံတွင် (၂.၀၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၁၆) နိုင်ငံ ရှိကြောင်းတွေ့ရှိရပါသည်။

          ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ တောင်ကိုရီးယား၊ ဘူတန်၊ ဟန်ဂေရီ၊ အိုမန်၊ ပီရူး၊ ကာတာ၊ ဆွစ်ဇာလန်နှင့် တူရကီ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၇၅) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ဒီဇယ်စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်  မြန်မာ၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဟောင်ကောင်၊ ပြင်သစ်၊ နယူးဇီလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေနှင့် ခရိုအေးရှား အပါအဝင် နိုင်ငံ ပေါင်း (၃၁) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၅.၇၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

          အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘောဒီးယား နိုင်ငံတွင် (၁.၃၀ %) ဖြင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၁.၉၀ %)နှင့် ဖိလစ်ပိုင် နိုင်ငံတွင် (၂.၅၀ %) ဖြင့် စျေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

           ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြ ထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၁) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၁) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၁) ဒေါ်လာနှုန်းဖြင့် (၃၂) နိုင်ငံမြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၄) ဒေါ်လာနှုန်းဖြင့် (၃၂) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

         ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေ့ရှိခြင်းသည် ရေနံဝယ်လိုအား လျော့ကျနိုင်သည့်အပေါ် စိုးရိမ်မှုများကြောင့် အမေရိကန် (WTI) ရေနံစိမ်းစျေးသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၅.၅၇ သို့ ကျဆင်းခဲ့ပါသည်။

         ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၂၅၀ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၃၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၃၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၂၄၀ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင် တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိပါသည်။

         မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၉၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၈၃၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၇၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၆၅၀ ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ ပြည်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၃၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၀၀ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၅၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ် နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၇၅ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၆၀ ကျပ်သို့ စျေးနှုန်းများ ကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။