Main menu

Background

မြန်မာ- တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 12/08/2021 - 11:30 -- journal_editor

     မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်၌ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများဖြစ်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးနှင့် သက်ဆိုင်သည့်စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှစ်နိုင်ငံအကြားယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ရာ တွင် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် နားလည်မှု စာချွန်လွှာများ၊ သဘောတူစာချုပ် များနှင့် စာလွှာများနှင့်အညီ ဆက်လက်အကောင်အထည် ဖော်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ တွေ့ကြုံရသောအခက်အခဲများ၊ နှစ်နိုင်ငံညှိနှိုင်းပေးရမည့်ကိစ္စရပ်နှင့် မူဝါဒခံယူပေးရမည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍လည်းကောင်းဆွေးနွေးရန်မှာကြားသည်။

   ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က စီမံကိန်းများပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

  အစည်းအဝေးသို့ တက်ရောက်လာသော အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာစီမံကိန်းများအလိုက် အကောင်အထည်ဖော်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်အကြုံပြု ဆွေးနွေးခဲ့ကြသည်။

   အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့မှ ကိုယ်စား လှယ်များက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။