Main menu

Background

သြင်္ကန်ကာလအပြီး ရွှေဈေးကျဆင်းနေရာမှ ပြန်လည်မြင့်တက်လာခဲ့သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာရှိနေ

Mon, 05/14/2012 - 08:17 -- Anonymous (not verified)

    မြန်မာတို့၏ နှစ်သစ်ကူးကာလ  ပြီးဆုံးချိန်တွင် မြန်မာ့ရွှေဈေး ကျဆင်းနေရာမှ ရုတ်တရက် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ သြင်္ကန်အကြိုနေ့မတိုင်မီကာလက မြန်မာ့ရွှေဈေးသည် အခေါက် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၅၀၀၀ ရှိခဲ့ရာမှ နှစ်သစ်ကူးရုံးပိတ်ရက် များကုန်ဆုံး၍ ရုံးများ  ပြန်လည်ဖွင့်လှစ်ချိန် ဧပြီ ၂၃ ရက်တွင် ကျပ် ၇၁၄၀၀၀ သို့ ကျဆင်းလာခဲ့သည်။ ထို့နောက် ဧပြီ ၂၄ ရက်တွင်လည်း ဆက်တိုက်ကျဆင်းလာခဲ့ရာ မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၁၈၀၀ အထိကျဆင်းလာခဲ့သည်။ သို့သော် ထိုအချိန်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၆၃၄ ဒေါ်လာရှိခဲ့ ရာမှ ၁၆၄၂ သို့ မြင့်တက်ခဲ့သည်။ ထို့ပြင် ဧပြီ ၂၆ ရက်တွင်လည်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၆၄၆ ဒေါ်လာသို့ မြင့်တက်ခဲ့ရာ မြန်မာ့ရွှေဈေးသည်လည်း အခေါက်ရွှေ  တစ်ကျပ်သားလျှင် ကျပ် ၇၁၈၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။        ထိုကဲ့သို့ ကမ္ဘာ့ရွှေဈေး  ပြောင်းလဲမှုကိုလိုက်၍ မြန်မာ့ရွှေဈေး အတက်အကျများရှိနေသော်လည်း အရောင်းအဝယ်မှာမူ ပုံမှန်အတိုင်း သာရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ဒီရက်ပိုင်းမှာ ရွှေဈေးက  တက်လိုက် ကျလိုက်နဲ့၊ မငြိမ်ဘူး။ ကမ္ဘာ့ရွှေဈေးလိုက်တက်ရင် မြန်မာ့ရွှေဈေးကလည်း လိုက်တက်တာပဲ။ သူကျရင် လိုက်ကျတာပဲ။  ဒီလိုအတက်အကျရှိ နေပေမယ့်ရွှေအရောင်း အဝယ်ကတော့ ပုံမှန်အတိုင်းပါပဲ။ ရွှေဈေးကျလို့ အဝယ်တွေများတယ် ဆိုတာမျိုးကလည်း မရှိသလောက်ပါပဲ"ဟု ရွှေကုန်သည်တစ်ဦးက ပြော ကြားခဲ့သည်။ မယ်သီတာ