ဗီယက်နမ်-အီးယူ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အကျိုးသက်ရောက်လာပါက အကျိုးအမြတ်ရရှိစေရေးအတွက် အီးယူကိုတင်ပို့တဲ့ထုတ်ကုန်တွေရဲ့ ပုံစံကိုပြောင်းလဲလိုက်ဖို့ ဗီယက်နမ် ပြည်တွင်း အင်တာပရိုက်စ်တွေကို ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းလိုက်တယ်။ နှစ်နိုင်ငံမှ ဆွေးနွေး ညှိနှိုင်းသူတွေ က ပြင်ဆင်မှုတွေပြုလုပ်ပြီးသွားပြီဖြစ်ရာ FTA နဲ့ပတ်သက်ပြီး တရားဝင်ဆွေးနွေးညှိနှိုင်းမှု တွေကိုစတင်နေပြီဖြစ်ကာ နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်း စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနလက်အောက် အီးယူဈေးကွက်ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး Tran Ngoc Quan က ပြောကြား လိုက်တယ်။ မကြာသေးခင်က ဗီယက်နမ် ကုန်သည်၊ စက်မှုလုပ်ငန်းရှင်များအသင်းနဲ့ အီးယူမှ ကိုယ်စားလှယ်တွေက ဟိုချီမင်းမြို့မှာတွေ့ဆုံကာ ဗီယက်နမ်-အီးယူ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအရှိန် မြှင့်ဖို့အတွက် ညီလာခံကို ကျင်းပခဲ့တယ်။နှစ်နိုင်ငံစလုံးက သွင်းကုန်ခွန် ဖယ်ရှားပေးခြင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေး အရှိန်မြှင့်ခြင်းနဲ့ အကောက်ခွန်မဟုတ်တဲ့ အတားဆီးတွေကျော်လွှားရေးနဲ့ ပင်ရင်းဒေသရင်းမြစ် စတဲ့ကိစ္စရပ်တွေနဲ့ ပတ် သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြတယ်။ ဗီယက်နမ်-အီးယူ လွတ်လပ်သော သဘောတူညီချက် ကြောင့် ဗီယက်နမ်ကုမ္ပဏီတွေအပေါ် အကျိုးကျေးဇူးတွေနဲ့ စိန်ခေါ်မှုတွေနှစ်မျိုးစလုံးကြုံတွေ့ရမယ်လိ့ု Tran Ngoc Quan က ပြောကြားလိုက်တယ်။ အီးယူဈေးကွက်ကိုတင်ပို့နေတဲ့ ကုန်စည်အများစုကို FTA ကြောင့် သွင်းကုန်ခွန် သုည မှ ၅ ရာခိုင်နှုန်းသာ ကောက်ခံရမှာဖြစ်တယ်။ အီးယူရဲ့ သွင်းကုန်ခွန် လျှော့ချပေး လိုက်ခြင်းကြောင့် အီးယူနဲ့ FTA ချုပ်ဆိုထားခြင်းမရှိတဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရာမှာ ဗီယက်နမ် ထုတ်ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းရည် က မြင့်တက်လာမှာဖြစ်တယ်။ဒါ့ပြင် ဗီယက်နမ်-အီးယူ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အကျုံးဝင်လာပါက ဗီယက်နမ်က အီးယူနဲ့ မဟာဗျူဟာကျတဲ့ ကုန်သွယ်ဖက်နိုင်ငံဖြစ်လာမှာဖြစ်တယ်။ဗီယက်နမ်ရဲ့ အဓိကနယ်ပယ်ဖြစ်တဲ့ ချည်မျှင်နဲ့ အဝတ်အထည်၊ ရေထွက်ကုန်နဲ့ သားရေဖိနပ်တို့က ပိုမိုတိုးမြှင့်တင်ပို့ဖို့ အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်။ ဒါ့ပြင် FTA ကြောင့် ဗီယက်နမ်က အရည် အသွေးမြင့် သွင်းကုန်တွေနဲ့ နည်းပညာကူးပြောင်းမှုတိုးလာတဲ့ အကျိုးတွေရရှိမှာဖြစ်တယ်။ အရည်အသွေး မြင့်သွင်းကုန်တွေ တိုးတက်လာခြင်းကြောင့် ဗီယက်နမ်ပို့ကုန်တွေရဲ့ အရည်အသွေးတိုးမြင့်လာရေးကို အကူအညီပေးရာရောက်မှာဖြစ်ပြီး ရေရှည်မှာကုမ္ပဏီတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကိုတိုးတက်စေမှာဖြစ်တယ်။ဒါပေမဲ့ အီးယူကို ဗီယက်နမ်အဓိကတင်ပို့တဲ့ ကုန်စည်အများစုက ကုန်ကြမ်းပစ္စည်းတွေနဲ့ တစ်ဝက် တစ်ပျက် ကုန်ချောတွေသာဖြစ်ကြောင်း သိရှိရတယ်။ ၎င်းကုန်စည်တွေက အီးယူရဲ့ ဖွံ့ဖြိုးစနိုင်ငံတွေကို အထူးအခွင့်အရေး ပေးတဲ့စနစ်အရ အခွန်နှုန်းနိမ့်နိမ့်နဲ့ ခံစားနေပြီဖြစ်တယ်။ ဒါကြောင့် ၎င်းကုန်စည် တွေကိုသာ ဆက်လက်တင်ပို့ပါက ဗီယက်နမ်အနေနဲ့ FTA အရ အကျိုးအမြတ်များစွာကို ခံစားရတော့ မှာမဟုတ်ကြောင်းနဲ့ ကုမ္ပဏီအများအနေနဲ့ အခွန်နှုန်းထားနိမ့်နိမ့်ပေးတဲ့ အကျိုးကိုရရှိစေဖို့ အတွက် ပြုပြင်ပြီးထုတ်ကုန်တွေ တိုးတက်တင်ပို့ရေးကို ကြိုးစားသင့်ကြောင်း Tran Ngoc Quan က ပြောကြား လိုက်တယ်။ ဒါ့အပြင် ပြည်တွင်းကုမ္ပဏီတွေက အီးယူဈေးကွက်ကို တင်ပို့ရာမှာ ကြုံတွေ့နေရတဲ့ နည်းပညာ အတားဆီးတွေကိုဂရုပြုဖို့နဲ့ မိမိတို့ရဲ့ထုတ်ကုန်အရည်အသွေး ကို နောက်ထပ်တိုးမြှင့်ဖို့ သတိပြုသင့်ကြောင်း တိုက်တွန်းလိုက်တယ်။ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်-အီးယူ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးက ကန် ဒေါ်လာ ၂၄ ဘီလီယံရရှိခဲ့ရာ နှစ်စဉ်တိုးတက်နှုန်းက ၃၇ ရာခိုင်နှုန်းရှိကြောင်းနဲ့ ဗီယက်နမ်ရဲ့ ပို့ကုန်က ၁၆ ဒသမ ၅ ဘီလီယံရှိခဲ့ရာ ၃၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ အီးယူကြွေးမြီ အကျပ်အတည်းရှိသော်လည်း အီးယူကို ဗီယက်နမ်ရဲ့တင်ပို့မှုက ဆက်လက်မြင့်တက်နိုင်ကြောင်းနဲ့ ယခု အခါ အီးယူက ဗီယက်နမ်ရဲ့ အကြီးမားဆုံးနိုင်ငံ ရပ်ခြား ဈေးကွက်ကြီးဖြစ်လာကြောင်း အီးယူဝန်ကြီး Jean Jacques Bouflet က ပြောကြားလိုက်တယ်။ ဗီယက်နမ်ရဲ့ အဓိကပို့ကုန်တွေမှာ အဝတ်အထည်၊ ဖိနပ်၊ ကော်ဖီ၊ ပရိဘောဂနဲ့ ပင်လယ်စာတို့ဖြစ်ကြပြီး သွင်းကုန်တွေမှာ စက်ပစ္စည်းများ၊ ဆေးဝါး၊ လေယာဉ်၊ မော်တော်ယာဉ်တပ်ဆင်ရေးပစ္စည်းတွေဖြစ်ကြောင်း သတင်းရရှိပါတယ်။Source:english.vietnamnet.vn, အေးမွန်မွန်လှိုင်
Background