ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းနှင့် တရားဝင်ငွေလဲစင်တာများရှိ ဈေးနှုန်းများတွင် ရောင်းဈေးမှာ ကွာဟလျက်ရှိကြောင်းသိရ သည်။ ပြင်ပငွေဈေးကွက် တွင် စင်တာများထက် ရောင်းဈေးမှာ ၁၀ ကျပ်ခန့်လျော့နည်း၍ ရောင်းချသော် လည်း ငွေလဲစင်တာများတွင်သာ ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။
ငွေလဲစင်တာတစ်ခုနှင့် တစ်ခု ရောင်းဈေး၊ ဝယ်ဈေးကွာဟမှု မရှိသော်လည်း ပြင်ပဈေးကွက်နှင့်မူ ကွာဟချက်ကြီးမားနေသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ကွာဟချက်ကြီးမားနေသော်လည်း စင်တာများတွင်သာဝယ်ယူမှု ပမာဏများပြားရခြင်းမှာ ကားတင် သွင်း သူများသည် စင်တာများတွင်သာ ဝယ်ယူသည့်ငွေကိုသာ ဘဏ်ငွေစာရင်းဖွင့်လှစ်၍ရသဖြင့် စင်တာများတွင် ငွေလဲလှယ် သူများ များပြားနေရခြင်းဖြစ်ကြောင်း ပုဂ္ဂလိကငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။"အခုရက်ပိုင်းမှာ ငွေလဲစင်တာတိုင်းလိုလိုမှာ ငွေလဲတဲ့သူတွေများတယ်။ တရားဝင်လဲပေးတဲ့နေရာက ငွေနဲ့မှ ကားတင် သွင်းဖို့အတွက် ဘဏ်မှာ ငွေစာရင်းဖွင့်လို့ရတာမျိုးဆိုတော့ ဒီလိုငွေလဲစင်တာတွေမှာပဲ လူတွေက လာပြီးဝယ်ကြတာ။ အပြင် မှာက ဒီစင်တာထက် ၁၀ကျပ်လောက်နည်းတယ်။ ဒါပေမယ့်လည်း ဒီမှာက တရားဝင်ဖြစ်တဲ့အတွက်ကြောင့် အပြင်ထက် နည်းနည်း ပိုပေးရလည်းဝယ်ကြတာပါ"ဟု ရှင်းပြခဲ့သည်။အမေရိကန်ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်က စင်တာများတွင် ရောင်းဈေး ၈၇၈ ကျပ၊် ဝယ်ဈေး ၈၆၈ ကျပ် ရှိခဲ့ပြီး ပြင်ပဈေးကွက်တွင်မူ ရောင်းဈေး ၈၆၈ကျပ် ဝယ်ဈေး ၈၆၆ ကျပ် ရှိခဲ့သည်။ သြဂုတ် ၂၄ ရက်တွင် ငွေလဲစင်တာများ၌ ရောင်းဈေး ၈၇၆ ကျပ်၊ ဝယ်ဈေး ၈၆၆ကျပ်ရှိခဲ့ပြီး ပြင်ပဈေးကွက်တွင်မူ ရောင်းဈေး ၈၆၅ ကျပ်၊ ဝယ်ဈေး ၈၆၃ ကျပ်သာရှိခဲ့ သည်ကိုတွေ့ရသည်။ သို့သော် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲစင်တာတွင် တခြားဘဏ်များ၏ ငွေလဲစင်တာများထက် ရောင်းဈေး လျော့ကျခဲ့သည်ကို တွေ့ရသည်။ အဆိုပါဘဏ်တွင် သြဂုတ် ၂၀ ရက်က ရောင်းဈေး ၈၇၅ကျပ်ရှိခဲ့ပြီး သြဂုတ် ၂၄ ရက်တွင်မူ ရောင်းဈေး ၈၇၁ ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။ မယ်သီတာ