စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည်မြန်မာ့ထွက်ကုန်များပြည်ပနိုင်ငံများသို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့ကြီးများတွင်ပြည်ပတင်ပို့ရန် အလားအလာရှိသော ဒေသထွက်ကုန်များပြသနိုင်ရန်နှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများချိတ်ဆက်လုပ်ကိုင်နိုင်ရန် ကုန်သွယ်မှုဗဟိုဌာန(Trade Center)စုစုပေါင်း ၁၂ခုကို ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း ဂျာမဏီနိုင်ငံ (GIZ) အဖွဲ့နှင့် ပူးပေါင်း၍ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Strengthening for the Private Sector Development) ဖြင့် Export Readiness Checker နှင့် Showroom Professionalization လုပ်ငန်းစဉ်တို့ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပါသည်။ထိုသို့ ပူးပေါင်းဆောင်ရွက်မှုတွင်နိုင်ငံတကာစီးပွားရေးအကြံပေးပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် Mr.OnnoRukenနှင့် Ms.WietskeZangbergတို့က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပြခန်းတာဝန်ခံအရာရှိများနှင့်ဝန်ထမ်းများအား Showroom Professionalization ဆိုင်ရာအီလက်ထရောနစ်အွန်လိုင်းဆွေးနွေးပွဲနှင့်သင်တန်းများပို့ချ၍ နှစ်ဦးနှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးကြပါသည်။
ပြခန်းခင်းကျင်းခြင်းကျွမ်းကျင်မှုဆိုင်ရာအတတ်ပညာများကို မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနMITC၌ ဖွင့်လှစ်ထားသော ရန်ကုန်ကုန်သွယ်မှုဗဟိုဌာနတွင် မြန်မာ့ထွက်ကုန်များအား အဆင့်မီခင်းကျင်းပြသနိုင်ရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကုန်သွယ်မှုဗဟိုဌာနများတွင်လည်း တစ်ပြေးညီဆောင်ရွက်နိုင်ရေး ထိုမှတစ်ဆင့် မြန်မာလုပ်ငန်းရှင်များ၏ အရောင်းဆိုင်များ/ပြခန်းများအဆင့်မီခင်းကျင်းတတ်စေရန်နှင့် ပြည်တွင်းပြည်ပပြပွဲများတွင် ပြခန်းများလှပသပ်ရပ်စွာပါဝင်ခင်းကျင်းပြသနိုင်စေရန်ရည်ရွယ်သည်။
ပြခန်းခင်းကျင်းခြင်း ကျွမ်းကျင်မှု ဆိုင်ရာအတတ်ပညာ၏ အခြေခံများမှာ ပြခန်းဖွင့်လှစ်ထားရှိခြင်း၏ ရည်ရွယ်ချက်များ၊ ပြခန်းဖွင့်လှစ်ထားကြောင်းအများပြည်သူသိစေရန်ဆောင်ရွက်ချက်များ၊ လာရောက် လည်ပတ်လေ့လာသူများ၊ ပြခန်းအကျယ်အဝန်းနှင့် ဖွဲ့စည်းပုံ၊ ကုန်စည်ပြသထားသူများ၊ ပြခန်း၏ ဧည့်ဝတ်ပျူငှာမှု၊ ပြခန်း၏ရလဒ်အပေါ်စံသတ်မှတ်ချက်ဟူ၍ အပိုင်းများခွဲခြား၍ ဆွေးနွေးပို့ချသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပြခန်းများဖွင့်လှစ်ထားရှိရာတွင်အဓိကရည်ရွယ်ချက်မှာ လေးရပ်ရှိပြီး နိုင်ငံတကာဈေးကွက်၌ မြန်မာစွန့်ဦးတီထွင်တင်ပို့သူများ၏ ဂုဏ်သိက္ခာကိုမြှင့်တင်ရန်၊ မြန်မာကုမ္ပဏီများနိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရန်အတွက် ထိရောက်မှုရှိသော သတင်းအချက်အလက်များနှင့် ဈေးကွက်သုတေသနအချက်အလက်များအား အချိန်မီဖြန့်ဖြူးပေးရန်၊ နိုင်ငံခြားကုန်ဝယ်သူများနှင့် မြန်မာထုတ်လုပ်သူများအား ချိတ်ဆက်ပေးရန်၊ မြန်မာ့ကုန်စည်နှင့်ဝန်ဆောင်မှုများအား ပြည်ပဈေးကွက်များသို့တင်ပို့ခြင်းကို တိုးချဲ့မြှင့်တင်ရန်တို့ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့ကြီးများတွင် ပြည်ပတင်ပို့ရန် အလားအလာရှိသော ဒေသထွက်ကုန်များပြသနိုင်ရန်နှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများချိတ်ဆက်လုပ်ကိုင်နိုင်ရန် ကုန်သွယ်မှုဗဟိုဌာနပြခန်းများဖွင့်လှစ်ထားကြောင်းအများပြည်သူသိစေရန်ဆောင်ရွက်ချက်များမှာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook, Instagramနှင့် Website တို့တွင် ကြော်ငြာခြင်း၊ လေဆိပ်ဆိုက်ရောက်ကောင်တာများနှင့်လေကြောင်းလိုင်းမဂ္ဂဇင်းများတွင် ကြော်ငြာထည့်သွင်းခြင်း၊ ပြည်တွင်း/ပြည်ပခရီးသွားဧည့်လမ်းညွှန်များနှင့်ချိတ်ဆက်၍ ခရီးစဉ်ရေးဆွဲရာတွင် ထည့်သွင်းစေခြင်း၊ ကုန်စည်ပြပွဲများ၊ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် အစည်းအဝေးများတွင် ဖိတ်ခေါ်သတင်းစကားပါးခြင်း၊ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံတကာသံရုံးများနှင့်စီးပွားရေးသံမှူးများအား ပြခန်းဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေထားခြင်း စသည်ဖြင့်လုပ်ဆောင်နိုင်ကြောင်း ဆွေးနွေးကြသည်။
ပြခန်းသို့လာရောက် လည်ပတ်လေ့လာသူများအတွက် ဧည့်မှတ်တမ်းစာရင်းရေးသွင်းခြင်းနှင့် Business Card ရယူခြင်း၊ လည်ပတ်လေ့လာသူများ အချိန်တိုအတွင်း လေ့လာကြည့်ရှုနိုင်စေရန် ကုန်စည်ပစ္စည်းအုပ်စုအလိုက် လိုက်လံရှင်းလင်းပြသပေးခြင်း၊ လာရောက်လည်ပတ်သူများအား အချိန်ပေးလာရောက်ကြည့်ရှုသည့်အတွက် ကျေးဇူးတင်ကြောင်း အီးမေးလ်ပေးပို့ခြင်းနှင့် ကုန်စည်အသစ်ရောက်ရှိပါက ထပ်မံလာရောက်လေ့လာရန် ဖိတ်ကြားခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပို့ချသည်။
ပြခန်းအကျယ်အဝန်းနှင့် ဖွဲ့စည်းပုံတို့ကိုဆွေးနွေးရာတွင် နိုင်ငံတကာပြခန်းများနည်းတူ လာရောက်သူများ စိတ်အပန်းပြေစေရန်နှင့် အဆာပြေစားသုံးနိုင်ရန် ကော်ဖီကောင်တာလေးများထားရှိပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ အရောင်းအဝယ်လုပ်ငန်းများဆွေးနွေးနိုင်စေရန် Business Matching Table စီစဉ်ပေးခြင်း၊ ကုန်စည်များခင်းကျင်းပြသရာတွင် ကုန်ပစ္စည်းအုပ်စုအလိုက် ခင်းကျင်းခြင်း ဥပမာအားဖြင့် စိုက်ပျိုးရေးနှင့်လယ်ယာထွက်ကုန်ပစ္စည်းများအုပ်စု၊ အဝတ်အထည်နှင့်ဆက်စပ်သည့်ကုန်ပစ္စည်းအုပ်စု၊ Ready to eatကဲ့သိုစားသောက်ကုန်များအုပ်စု၊ ရိုးရာလက်မှုဆိုင်ရာ အမှတ်တရလက်ဆောင်ပစ္စည်းများအုပ်စု စသည်ဖြင့် အမျိုးအစားတူရာတူရာများကို စုစည်း၍ အနိမ့်အမြင့်စာပွဲများ၊ နံရံကပ်အလှဆင်၍ မီးအလင်းရောင်များဖြင့် ပံ့ပိုးပြသပါက ပြခန်းသည်ပိုမိုသပ်ရပ်ကာ ဝင်ရောက်လေ့လာသူများသည်လည်း အချိန်တိုအတွင်း လိုအပ်သော ကုန်ပစ္စည်းများကို အလွယ်တကူရှာဖွေလေ့လာနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
ပြခန်းတွင် New Arrival ကောင်တာထားခြင်းနှင့် ကုန်ပစ္စည်းအသစ်ရောက်တိုင်း အချိန်ကာလသီတင်းနှစ်ပတ်ကြာပြသပေးခြင်း၊လာရောက်ကုန်စည်ပြသထားသူများ၏ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်၊ ဖုန်းနံပါတ်၊ ကုမ္ပဏီနှင့်ကုန်ပစ္စည်းဆိုင်ရာ လက်ကမ်းစာစောင်များထားရှိခြင်း တို့ကြောင့် အကြီးစားအရောင်းအဝယ်လုပ်ငန်းဆွေးနွေးဆောင်ရွက်လိုပါက အလွယ်တကူဖိတ်ခေါ် တွေ့ဆုံပေးနိုင်ခြင်း၊ကုန်ပစ္စည်း၏ သက်ဆိုင်ရာထောက်ခံချက်လက်မှတ်များရရှိထားမှုအဆင့်အတန်းနှင့် ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ အခြေခံဗဟုသုတများမေးမြန်းရယူထားခြင်း၊ လာရောက်ပြသထားသည့် ကုမ္ပဏီများက လစဉ်အလှည့်ကျ ပြခန်းရှေ့တွင် မိတ်ဆက်ရောင်းချပေးခြင်း၊ နမူနာအမြည်းကျွေးခြင်းတို့ကို ဆောင်ရွက်ခြင်းသည်လည်း ထိရောက်သော ပြသရောင်းချခြင်းလုပ်ငန်းစဉ်တစ်မျိုးဖြစ်သည်။ နိုင်ငံတကာပြခန်းများနည်းတူ နောင်တချိန်တွင် ကုန်ပစ္စည်းများကို QR CODE စနစ်ဖြင့် Online Showroom များ ထားရှိကာ နေ့စဉ်ဝင်ရောက်လေ့လာသူများကို စစ်တမ်းကောက်ယူနိုင်ပါက ပိုမိုပြည့်စုံမည်ဖြစ်သည်။
ပြခန်းတစ်ခု၏ အရေးကြီးဆုံးအသက်မှာ လှိုက်လှဲစွာဧည့်ဝတ်ပျူငှာကြိုဆိုမှုပင်ဖြစ်သည်။ ပြခန်းသို့ လာရောက်လည်ပတ်လေ့လာသူများအား ခရီးဦးကြိုပြု၍ လိုအပ်ချက်များ မေးမြန်းခြင်းနှင့် ပြခန်းအားလိုက်လံပြသကာ သိရှိလိုသော ကုန်ပစ္စည်းအကြောင်းအား အသေးစိတ် ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောပြနိုင်မှုမှာ ဒုတိယအရေးကြီးဆုံးဖြစ်သည့်အတွက် ပြခန်းတာဝန်ခံများအားလုံးလေ့လာသင်ယူထားစေလိုကြောင်း၊ ကုန်ပစ္စည်းများအကြောင်းရှင်းလင်းတင်ပြရာတွင်လည်း ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သိသာထင်ရှားသော ဝိသေသလက္ခဏာများပိုင်ဆိုင်ထားမှု၊ ထုပ်ပိုးမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာနိုင်ငံတကာသတ်မှတ်စံနှုန်းများနှင့်ကိုက်ညီမှု၊ ကုန်ပစ္စည်းထုတ်လုပ်သူ၏ လူမှုပတ်ဝန်းကျင်အပေါ် တန်ဖိုးထားမှုတို့ကိုပါ လေ့လာ၍ ပြန်လည်ရှင်းလင်းပြောပြခြင်း၊ အကြီးစားအရောင်းအဝယ်လုပ်ငန်းဆောင်ရွက်လိုပါက ကုန်ပစ္စည်းထုတ်လုပ်သူကို ပြခန်းသို့ဖိတ်ကြား၍ဆွေးနွေးနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းအကြံပြုသည်။
ပြခန်းတစ်ခု၏အောင်မြင်မှာရလဒ်အပေါ်တိုင်းတာရာတွင် အဓိကစံသတ်မှတ်ချက်တစ်ရပ်မှာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပြခန်းများဖွင့်လှစ်ထားရှိခြင်း၏ အဓိကရည်ရွယ်ချက်လေးရပ်နှင့် ပြန်လည်ချိန်ညှိရမည်ဖြစ်ပြီး၊ တစ်လတစ်ကြိမ် (သို့မဟုတ်) သုံးလတစ်ကြိမ် မိမိပြခန်း၏ လုပ်ဆောင်ချက်များအနက် မည်သည့်လုပ်ငန်းစဉ်နှင့်လုပ်ကိုင်ဆောင်ရွက်မှုသည် ပြခန်း၏ရည်ရွယ်ချက်ကို မည်မျှအထောက်အကူဖြစ်စေနိုင်သည်ကို သုံးသပ်တိုင်းတာနိုင်ပါကြောင်းဆွေးနွေးပို့ချသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ချမှတ်ထားသော ဦးတည်ချက်မျှော်မှန်းချက်များအရ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး၊ မိမိတို့နိုင်ငံ၏ထွက်ကုန်များဒေသတွင်းအဆင့်မီစေရေးမှ ကမ္ဘာ့အဆင့်မီစေရေး၊ ပြည်တွင်းသုံးစွဲသူများ ကျယ်ပြန့်စွာသုံးစွဲနိုင်စေရေး၊ နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်နိုင်မှုရှိစေရေး၊ ပြည်ပဝယ်လက်များပိုမိုရရှိစေရေးစသည့်အချက်များ ပြည့်မီစေရန်အတွက် လက်ရှိ ဖွင့်လှစ်ထားသောပြခန်းများ တစ်ခုချင်းစီ၏ ဧည့်သည်လာရောက်မှုအပေါ် လုပ်ဆောင်ရမည့် အစီအမံ၊ ပြခန်း၏ အခြေအနေ၊ အကျယ်အဝန်းပေါ်မူတည်၍ အကောင်းဆုံးခင်းကျင်းပြသနိုင်ရေး၊ တာဝန်ခံအရောင်းဝန်ထမ်းများ သိရှိလိုက်နာသင့်သည့်အခြေခံကျင့်ဝတ်များ၊ ပြခန်းများဖွင့်လှစ်ခြင်းဖြင့် ရရှိလာမည့် ရလဒ်များနှင့် ပိုမိုကောင်းမွန်သော ရလဒ်များဖြစ်ပေါ်လာရေး အစရှိသည့်ခေါင်းစဉ်များကို ပို့ချခြင်း၊ အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းတို့ကို လုပ်ဆောင်ကြသည်။
နိုင်ငံတကာစီးပွားရေးအကြံပေးကျွမ်းကျင်ပညာရှင်နှစ်ဦးက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ကုန်သွယ်မှုဗဟိုဌာနပြခန်းတာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများအား အရောင်းပြခန်းတစ်ခုအားသတ်မှတ်အင်္ဂါရပ်များနှင့်အညီစနစ်တကျစီစဉ်ခင်းကျင်းပြသတတ်စေရန်နှင့် ပြခန်းတစ်ခုကို ထိရောက်စွာ စီမံခန့်ခွဲတတ်စေရန် အဆင့်ဆင့် လေ့ကျင့်ပေးမှုမှာ အလွန်ပင်တန်ဖိုးရှိပါ ကြောင်းတင်ပြလိုက်သည်။
မြတ်မြတ်စိုးမိုး (Myantrade)