Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Mon, 10/05/2020 - 14:12 -- journal_editor

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ (၁၃:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပပြုလုပ် ခဲ့ရာ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

              လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌက အမှာစကားပြောကြားရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို ဝယ်ယူခဲ့မှုအခြေအနေအားသုံးသပ်နိုင်ရေးနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် စပါးများကို အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဝယ်ယူသည့်အခါ ယခင်နှစ်ကကဲ့သို့ အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဝယ်ယူမည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန်အတွက် ကျင်းပ ခြင်းဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ များအနေဖြင့် စပါးဝယ်ယူနိုင်ရေးအတွက် ဝယ်ယူမည့်ဒေသ၊ ဝယ်ယူမည့်အစီအစဉ်များအား အသေးစိတ်ညှိနှိုင်းဆွေးနွေးပေးစေလိုကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် တင်ဒါစနစ်ဖြင့် အခြေခံဈေးနှုန်း အောက်ကျနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် မိုးစပါးဝယ်ယူရေးဆောင်ရွက်ခဲ့ရာတွင် ဝယ်ယူပြီးနောက် ပြင်ပပေါက်ဈေးနှုန်းသည် အခြေခံဈေးနှုန်းအထက်တွင်ရှိသည်ကိုတွေ့ရှိရပါ၍ မိမိတို့၏ဆောင်ရွက်မှုသည် အတိုင်းအတာတစ်ခုအထိအောင်မြင်သည်ဟု သုံးသပ်မိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများ ကို အခြေခံရည်ညွှန်းပါဈေးနှုန်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်(၅)ခုတွင် ဝယ်ယူရန်အတွက် ငွေကျပ် (၂၀) ဘီလီယံအား နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ထုတ်ယူသုံးစွဲခွင့်ပြုနိုင်ရေး ဦးဆောင်အဖွဲ့သို့တင်ပြပြီး စီးပွားရေးရာကော်မတီသို့ ဆက်လက်တင်ပြပြီးဖြစ်ပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စပါးများကိုဝယ်ယူခဲ့မှုအခြေအနေအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်နိုင်ရေးအတွက်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ထွက်စပါးများကို အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဝယ်ယူ သည့်အခါ ယခင်နှစ်များကဲ့သို့ အခတ်အခဲများမဖြစ်ပေါ်စေရေးအတွက်ဝယ်ယူမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း အစည်းအဝေးတက်ရောက်လာကြသော လယ်ယာထုတ် ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များ၊ စပါး၊ ဆန် ဝယ်ယူ ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များအနေ ဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန် ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမီတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါး ကုန်သည်များ၊ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက်တင်ပြကြရာ တင်ပြချက်များအပေါ် အဖွဲ့ဥက္ကဋ္ဌက ပြည်လည်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

MOC(IR)