Main menu

Background

သစ်သီးဝလံထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့်တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်းအဝေး

Thu, 12/03/2020 - 11:23 -- journal_editor

     ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့အစည်းများ၏ နည်းပညာအကူအညီနှင့်  ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် အကောင်အထည် ဖော်လျှက်ရှိသော သစ်သီးဝလံထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်း တို့အကြား ချိတ်ဆက်လုပ်ကိုင်မှုဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၂  နာရီအချိန်၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မိမိတို့အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးသွားကြရန်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းစဉ်များအား new normal အခြေအနေတွင် လိုက်လျောညီထွေအကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွား ကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ စီမံကိန်းအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး၊ စီမံကိန်းအစီအစဉ်ပါ ဦိးစားပေးပို့ကုန်များဖြစ်သော ချင်း၊ လက်ဖက်၊ ထောပတ်သီး စသည်တို့ကို အခြား ဆက်စပ်ထုတ်ကုန်များနှင့် ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် ကြိုးပမ်းသွားသင့်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် စီမံကိန်းမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ITC, UNIDO နှင့် UNCTAD တို့က ကမ္ဘာ တစ်ဝှမ်းဖြစ်ပေါ်ခဲ့သော COVID-19 ကပ်ရောဂါကြောင့် အထိခိုက်ဆုံးဖြစ်ခဲ့သည့် ခရီးသွားလုပ်ငန်း ကဏ္ဍ ပြန်လည်သက်ဝင်လာစေရေးအတွက် လူမှုကွန်ယက်အသုံးပြု၍ ITC ၏နည်းပညာ အကူအညီ ဖြင့် ခရီးစဉ်သစ်များ ဖော်ထုတ်ပြသခြင်း၊   ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် လူသိနည်းသော ခရီးစဉ်သစ်ဒေသများ ဖော်ထုတ်၍ Community-based Tourism နှင့် အခြားကျေးရွာများသို့ ခရီးစဉ်များစီစဉ်ခြင်း၊ Culture & Heritage tour၊ လမ်းလျှောက်ခရီးစဉ်များ၊ စိုက်ပျိုးရေး အခြေခံခရီးစဉ်များ၊ တောင်ပေါ်ခရီးစဉ်များအတွက် မြို့နှင့် ကျေးရွာများရွေးချယ်ပေးခြင်း၊ သင်တန်း အချို့ကို အွန်လိုင်းမှပို့ချခြင်းတို့အပါအဝင် ဆောင်ရွက်ပြီးစီးခဲ့မှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။

          ဆက်လက်ပြီး စီမံကိန်းကပံ့ပိုးပေးရန် ရွေးချယ်ထားသည့် လက်ဖက်၊ ချင်းနှင့် ထောပတ်သီး တို့၏ ထုတ်လုပ်မှုတန်ဖိုးကွင်းဆက် လုပ်ငန်းစဉ်များတွင် အရည်အသွေးကောင်းများ ထိန်းသိမ်းထားနိုင်ရေး၊ နိုင်ငံတကာဈေးကွက်မီ အရည်အသွေးများ စံချိန်စံညွှန်းရှိစေရေး၊ နိုင်ငံတကာ GAP လက်မှတ်ရရှိစေရေးတို့နှင့် စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။

          ထို့နောက် စီမံကိန်းပြီးဆုံးမည့်ကာလ ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင်လည်း ပြည်နယ် အဖွဲ့အစည်းများမှ စီမံကိန်းလုပ်ငန်းစဉ်များကို ဆက်လက်၍ လက်ဆင့်ကမ်းဆောင်ရွက်သွားမည် ဖြစ်ရာ အရည်အသွေးပိုမိုကောင်းမွန်သော လက်ဖက်၊ ချင်းနှင့် ထောပတ်သီးတို့ကို ပြည်ပသို့ ပိုမို တိုးမြင့်တင်ပို့နိုင်မည့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြပြီး ညနေ ၅ နာရီ အချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့သည်။

                 အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် အသင်း အဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၄၀ ကျော်တို့က အွန်လိုင်းမှ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

MOC(IR)