အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် Confederation of Indian Industry (CII) တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသည့် 6th India- CLMV Business Conclave 2020 ၏ ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အိန္ဒိယနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့သည် ယဉ်ကျေးမှုအနုပညာနှင့် ဓလေ့ထုံးတမ်းများ တူညီမှုများစွာရှိပြီး မဟာဗျူဟာမြောက် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်သည် အိန္ဒိယနှင့် CLMV နိုင်ငံများအကြား ဒီဂျစ်တယ်စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုဆိုင်ရာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သည့် ထူးခြား သောနှစ်တစ်နှစ်လည်း ဖြစ်ပါကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စိန်ခေါ်မှုများစွာကြုံတွေ့နေရသော်လည်း မိမိတို့အနေဖြင့် ဒီဂျစ်တယ်စနစ်အသုံးပြု၍ အမြင်များဖလှယ်ခြင်း၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် Start-ups Business များအပေါ် COVID-19 ကြောင့်သက်ရောက်မှုလျော့နည်းစေရေး၊ supply chains တစ်လျှောက်အဆင်ပြေချောမွေ့စွာ ကုန်စည်စီးဆင်းစေရေး၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဆက်လက်ရှာဖွေဖော်ထုတ်နိုင်ရေးတို့အတွက် ကောင်းမွန်သော စီးပွားရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးဆိုင်ရာ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မှုများကို ဒီဂျစ်တယ်နည်းပညာပလက်ဖောင်းဖြင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
၂၀၁၈-၁၉ ခုနှစ်တွင် အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ကုန်စည်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၇ ဘီလီယံနှင့် ဝန်ဆောင်မှုကုန်သွယ်မှုပမာဏ ၄၅ ဘီလီယံအထိရှိခဲ့သော်လည်း အိန္ဒိယနှင့် CLMV နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ လျော့နည်းနေသေးသဖြင့် တိုးမြှင့်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ပါကြောင်း၊ The Mekong-Ganga Cooperation (MGC) သည် အိန္ဒိယ၊ CLMV နှင့် ထိုင်းနိုင်ငံတို့အကြားခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှု၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍပူးပေါင်းဆောင် ရွက်မှုတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်မှုများကို ဖြေရှင်းနိုင်သည့် ငြိမ်းချမ်း၍ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်မာအားကောင်းသော ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုဖြစ်ပေါ်လာ စေရေး ဆက်လက်လက်တွဲဆောင် ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနား၌ လာအိုနိုင်ငံ၊ Ministry of Industry and Commerce ဝန်ကြီး၊ အိန္ဒိယနိုင်ငံ၊ Ministry of External Affairs ၏ Minister of State၊ ကမ္ဘောဒီးယားနိုင်ငံ၊ Ministry of Commerce ၏ Secretary of State၊ အိန္ဒိယနိုင်ငံ၊ Ministry of Commerce, Department for Promotion of Industry and Internal Trade ၏ Secretary၊ Confederation of Indian Industry (CII) ၏ President နှင့် ညွှန်ကြားရေးမှူးချုပ်တို့က မိန့်ခွန်းများပြောကြားခဲ့ကြသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Saurabh Kumar ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦိးမိုးကျော်အောင်၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ ကျော်တို့က အွန်လိုင်းမှ တက်ရောက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံအလိုက် Plenary Session များကိုကျင်းပခဲ့ကြပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဆက်လက်ကျင်းပမည့် Country Session Myanmar ၌ မြန်မာနိုင်ငံ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် အခမ်းအနားနှင့် ပူးတွဲကျင်းပသည့် အွန်လိုင်းကုန်စည်ပြပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့က ပြခန်း (၂) ခန်းဖြင့် ပဲ၊ နှမ်း၊ ဆန်စပါး၊ သစ်သီးဝလံ၊ ရေထွက်ကုန်ပစ္စည်းများကို အွန်လိုင်းမှပါဝင်ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
MOC(IR)