Main menu

Background

Korean Air နှင့် Asiana လေကြောင်းလိုင်းနှစ်ခုအား Korean Air မှဦးစီး၍ပေါင်းစည်းကာ လေကြောင်းလိုင်းတစ်ခုတည်းအဖြစ်၂၀၂၄ ခုနှစ်တွင် စတင်ဆောင်ရွက်သွားမည်

Fri, 04/02/2021 - 11:07 -- journal_editor

ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်း အဆင့်(၁၈)တွင် ရပ်တည်လျက်ရှိသော တောင်ကိုရီးယားနိုင်ငံ၏အကြီးဆုံးအမျိုးသားလေကြောင်းလိုင်းဖြစ်သည့် Korean Airသည်ယင်း၏ပြိုင်ဖက်ဖြစ်သော Asiana လေကြောင်းလိုင်း၏ အစုရှယ်ယာ (၆၃.၉) ရာခိုင်နှုန်းအား ဝယ်ယူ၍ ၂၀၂၄ခုနှစ်တွင်လေကြောင်းလိုင်းတစ်ခုတည်းအဖြစ်ပေါင်းစည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Korean Air၏အမှုဆောင်အရာရှိချုပ်က(၃၁-၃-၂၀၂၁) ရက်နေ့တွင်ပြောကြားခဲ့သည်။

              ထိုသို့လေကြောင်းလိုင်းနှစ်ခုအား တစ်ခုတည်းအဖြစ်ပေါင်းစည်းရန် (၂)နှစ်ကာလ အချိန်ယူ၍ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့မပေါင်းစည်းမီကာလတွင် Asianaလေကြောင်းလိုင်းအနေဖြင့် Korean Air ၏ လက်အောက်ခံ အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊Korean Airသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်တူရကီယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့အစည်းထံမှ အတည်ပြုချက်ရရှိခဲ့ပြီးသည့်နောက် လုပ်ငန်းဆက်စပ်ဆောင်ရွက် လျက်ရှိသော(၈)နိုင်ငံတို့၏ စျေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံမှ အတည်ပြုချက်များကိုစောင့်ဆိုင်းလျက်ရှိကြောင်း၊ ထို့ပြင် တောင်ကိုရီးယားနိုင်ငံစီးပွားရေးယှဉ်ပြိုင်မှုအာဏာပိုင်ဖြစ်သည့်Fair Trade Commision၊ ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့အပါအဝင်အခြားသော(၅)နိုင်ငံတို့၏ ယှဉ်ပြိုင်မှုအဖွဲ့အစည်းများထံမှ အတည်ပြုချက်များရရှိရန်လိုကြောင်း သိရှိရသည်။

              Korean Air နှင့်Asianaတို့သည် တန်ဖိုးနည်းလေကြောင်းလိုင်းများဖြစ်သော Jin Air Air Busan နှင့်Air Seoulတို့ကိုလည်းတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအစီအစဉ်များအရ အဆိုပါ တန်ဖိုးနည်း လေကြောင်းလိုင်းသုံးခုကိုပေါင်းစည်းရေးစဉ်းစားနေသော်လည်းKorean Air(သို့မဟုတ်)၎င်း၏အုပ်ချုပ်မှုကုမ္ပဏီ Hanjin KAL (Hanjin Group)ကမဆုံးဖြတ်ရသေးကြောင်း၊ Asiana လေကြောင်းလိုင်းအား အဓိကချေးငွေ ပံ့ပိုး ပေးလျက်ရှိသော အစိုးရပိုင်ဘဏ် (KoreaDevelopment Bank-KDB)သည် အဆိုပါလေကြောင်းလိုင်း(၂)ခုပေါင်းစည်းမည့်စီမံကိန်းကိုသုံးသပ်လျက်ရှိပြီး၊ အတည်ပြုချက်ချမှတ်ရန် တစ်လခန့် အချိန်ယူမည်ဟု ခန့်မှန်းကြောင်း သိရှိရသည်။

              Korean Air နှင့်Asianaလေကြောင်းလိုင်းကုမ္ပဏီ(၂)ခုအား ပေါင်းစည်းရမည့် ကုန်ကျ စရိတ်သည်မနည်းပါးသည့်အပြင်အကျိုးအမြတ်အနေဖြင့် (၂) နှစ်အကြာတွင်မှရရှိနိုင်မည်ဟုခန့်မှန်းထားကြောင်း၊ သို့ရာတွင် ဝန်ထမ်း များအား အလုပ်ဖြုတ်ခြင်း/ အင်အားလျှော့ချခြင်းနှင့် လေယာဉ်လက်မှတ်စျေးနှုန်းတက်ခြင်းမျိုးမရှိစေရန် Korean Air မှ ကတိပြုပါကြောင်း၊ ကမ္ဘာ့စျေးကွက်ယှဉ်ပြိုင်မှုအနေအထားအရလည်း ထိုကဲ့သို့စျေးတက်၍ မဖြစ်နိုင်ကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏စျေးနှုန်းစောင့်ကြည့်ရေးစနစ်ဆိုင်ရာမူဝါဒများနှင့်အညီပူးပေါင်းလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊Coronavirusကပ်ရောဂါရိုက်ခတ်မှုကင်းစင်၍ လေကြောင်းကဏ္ဍအပြည့်အဝ ပြန်လည်နာလန်ထူ တိုးတက်ဖွံ့ဖြိုးလာပါကယခုကဲ့သို့လေကြောင်းလိုင်းပေါင်းစည်းဆောင်ရွက်ခြင်းလုပ်ငန်းမှတစ်နှစ်လျှင်ဝင်ငွေ ဝမ်(၃၀၀)ဘီလီယံမှ(၄၀၀) ဘီလီယံထိရရှိနိုင်ကြောင်း Korean Air၏ထုတ်ဖော်ပြောကြားချက်အရ သိရှိရသည်။

Reference: The Korea Herald (1-4-2021)

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး