ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၀ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၅၀၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၇၈၅၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။
ပြည်တွင်းရွှေစျေးကွက်သတင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် (၂၂) သိန်းသို့ သမိုင်းတစ် လျှောက် အမြင့်ဆုံးအဖြစ် ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်ရက်လျှင် ရွှေပိဿာချိန် (၂၀) ထိ ရောင်းချပေးမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ရွှေစျေးနှုန်းများ ကျဆင်းလာခဲ့ကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် တစ်ကျပ်သားလျှင်ကျပ်(၁၈)သိန်းအောက်သို့ကျဆင်းသွားသဖြင့်တစ်လအတွင်းကျပ် (၄) သိန်းခန့် ပြန်လည်ကျဆင်းကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
ငွေကြေးစျေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးပြိုင် လေလံစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၀) သန်း ကို တစ်ဒေါ်လာလျှင် ၁၇၉၀ ကျပ်ဖြင့် အောက်တိုဘာလအတွင်း တတိယအကြိမ်မြောက် ထပ်မံ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ဗဟိုဘဏ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ရောင်းချသည့် အမေရိကန် ဒေါ်လာသန်း (၁၁၀) အထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၀၀ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာလ ၂၇ ရက် နေ့တွင် တစ်ဒေါ်လာလျှင် ၁၇၇၂.၇ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၁.၅၂ % ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၉၅ ကျပ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၂၀ ကျပ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၈၀ ကျပ်နှင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။