နေပြည်တော်၊နိုဝင်ဘာ ၂၃ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင် ရေးအတွက် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေး သံမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ (ပထမနေ့) ကို ၂၀၂၁ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းတက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် စီးပွားရေးသံမှူးများက နေ့စဉ်အစီရင်ခံစာများ၊ ဆောင်ရွက်ချက်များ၊ တာဝန်ကျနိုင်ငံများ၏ စီးပွားရေးသတင်းများအား ပုံမှန်တင်ပြနေကြကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ကာလအတွင်းမှာမြန်မာနိုင်ငံမှာ လိုအပ်နေ သည့်ဆေးဝါးများ၊ အောက်ဆီဂျင်တို့ကို အဆင်ပြေဆောလျင်စွာရရှိနိုင်အောင် ပူးပေါင်းဆောင် ရွက်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ စီးပွားရေးသံမှူးများအနေဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုသာမက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့ကိုပါ တွဲဖက်ဆောင်ရွက်နေသည်ကိုတွေ့ရသဖြင့် အသိ အမှတ်ပြုကျေးဇူးတင်ပါကြောင်း၊ စီးပွားရေးသံမှူးများတာဝန်ထမ်းဆောင်သော နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အားသာချက်၊ အားနည်းချက်၊ဈေးကွက်ရရှိမှုအခြေအနေများအား လေ့လာဆန်းစစ်ပြီးရရှိပြီး ဈေးကွက်များရေရှည်တည်တံ့ရေး၊ ဈေးကွက်အသစ်များ ဖော်ထုတ်ရရှိရေးတို့အတွက် ဆောင်ရွက်သွားရန်၊ ကုန်ပစ္စည်းအရည်အသွေး၊ အစားအစာလုံခြုံဘေးကင်းစိတ်ချရေးတို့အတွက် သက်ဆိုင်ရာနိုင်ငံများရှိ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် အခြေအနေကို ပြန်လည်တင်ပြကြရန်မှာကြားလိုကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီးသကဲ့သို့ စီးပွားရေးသံမှူးများ၏အခန်း ကဏ္ဍသည်လည်း အရေးပါသဖြင့် အထူးကြိုးပမ်းဆောင်ရွက်စေလိုကြောင်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးကစီးပွားရေးသံမှူးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်သည့်ကာလအတွင်း နိုင်ငံနှင့်ဝန်ကြီးဌာနအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများရရှိရေး မည်မျှဆောင်ရွက်နိုင်ခဲ့သည်ကို ပြန်လည် ဆန်းစစ်ရန်လိုကြောင်း၊ မိမိတို့၏တာဝန်များကို ပုံမှန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ ထိထိရောက်ရောက်ဆောင်ရွက်သွားကြစေလိုကြောင်း၊ လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သောတရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများ နှင့်ကုန်သွယ်မှုတိုးတက်စေရေး၊ လျင်မြန်ချောမွေ့စေရေးဆိုင်ရာ ကိစ္စများကို အဓိကထားဆောင်ရွက်လျက်ရှိရာ အဆိုပါ နိုင်ငံများရှိ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံမှပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားခဲ့ပါသည်။
အစည်းအဝေးပထမနေ့တွင်အမေရိကန်နိုင်ငံ(ဝါရှင်တန်မြို့)၊ ဘရာဇီးလ်နိုင်ငံ (ဘရာဇီး လျားမြို့)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ပေကျင်း၊ နန်နင်းမြို့၊ ကူမင်းမြို့၊ ဟောင်ကောင်မြို့)၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ(ဘန်ကောက်မြို့) တို့တွင် တာဝန်ထမ်းဆောင်နေသည့် စီးပွားရေးသံမှူး(၈)ဦးတို့မှ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်ခဲ့မှုနှင့် မြန်မာထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများကိုတင်ပြကြသည်။
စီးပွားရေးသံမှူးများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကိုလမ်းညွှန်ဖြည့်စွက်မှာကြားခဲ့ပြီးအစည်းအဝေးကိုနေ့လယ် (၁၃: ၃၀) နာရီတွင်ရုပ်သိမ်းခဲ့သည်။
ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရှိမြန်မာစီးပွားရေးသံမှူးများနှင့် ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာသံမှူးတို့နှင့်အစည်းအဝေး (ဒုတိယနေ့) ကို (၂၄-၁၁-၂၀၂၁) ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOC(IR)