Main menu

Background

မူဆယ်၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုလုပ်ငန်းများစတင်ဆောင်ရွက်

Tue, 11/30/2021 - 12:12 -- journal_editor

          ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် မြန်မာ-တရုတ်နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်းနေခြင်းကို မူဆယ်(မန်ဝိန်းဂိတ်)၊ ကျိန်စမ်းကျော့ဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်းဂိတ်တို့အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစပြီး တရုတ် နိုင်ငံဖက်မှ ယာယီရပ်ဆိုင်းခဲ့သည့်အပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်ပို့တင်သွင်းခြင်းကိုလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလမှစပြီး ယာယီရပ်ဆိုင်းထားခဲ့သည်။

           ယခုအချိန်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာပြီဖြစ်၍ နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တော်ဝန် ဦးဆောင်သောအဖွဲ့တို့သည် Online Meeting ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူညီချက်ရရှိခဲ့၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှစ၍ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၌ Asia Sun Trading Co.,.ltd  မှ ရော်ဘာ (၇၀) တန်၊ Aung Naing Thitsar Co., Ltd. မှ သီဟိုစေ့ (၂၆)တန်၊ SNRPD Public Co.,ltd. မှ ဆန်ကွဲ(၇၀)တန်၊ စုစုပေါင်းပို့ကုန်ယာဉ် (၅)စီးအား ကျိန်စမ်းကျော့ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် KENBO Co.,ltd. မှ ပေ (၄၀)ကုန်သေတ္တာ (၅)လုံးဖြင့် မော်တော်ဆိုင်ကယ်(၂၈၅) စီး နှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ သတ္တုသန့်စင်စက်ရုံသုံးပစ္စည်းများဖြစ်သည့် Stronium Carbonate၊ Anode Plate၊ Fire Brick For Stove၊ Cabnode Plate များ၊ စက္ကူစက်ရုံသုံး Glue Water တစ်ရှူး စက္ကူ၊ တစ်ခါသုံးပလပ်စတစ်ခွက်၊ တစ်ခါသုံးထမင်းဘူး စုစုပေါင်းသွင်းကုန်ယာဉ် (၅) စီးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တင်သွင်းနိုင်ခဲ့ပါသည်။

            ထို့အပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရ၊ ဒုတိယမြို့တော်ဝန် ဦးဆောင်သောအဖွဲ့နှင့် ချင်းရွှေဟော်စခန်းတာဝန်ခံ ဦးဆောင် သောအဖွဲ့တို့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်တွင် Online ဖြင့် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်အရ နိုဝင်ဘာလ ၂၆ ရက်တွင် ချင်းရွှေဟော်စခန်းမှတစ်ဆင့်​ ရွှင်ချွမ်လုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက်မှ တစ်စီးလျှင် လက်ဖက်ခြောက်ကုန်ကြမ်း (၃ဒသမ၉၂၉) တန် တင်ဆောင်သည့် ၁၂ ဘီး ယာဉ် (နှစ်)စီး၊ စုစုပေါင်းလက်ဖက်ခြောက် တန်ချိန် (၇ဒသမ၈၅၈) တန်အား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်ဖက်မှလည်း ဓာတ်မြေသြဇာ (တစ်) စီးနှင့် လူသုံးကုန်ပစ္စည်းတင်ယာဉ် (တစ်)စီး၊ စုစုပေါင်း (နှစ်)စီး တင်သွင်းမည်ဖြစ်ကြောင်းသိရှိရသည်။

            မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ ယာယီရပ်ဆိုင်းခဲ့သော်လည်း နှစ်နိုင်ငံတာဝန်ရှိသူများညှိနှိုင်းဆွေးနွေးချက်အရ ပုံမှန်ကုန်သွယ်မှုများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။