စားသုံးဆီဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများထဲတွင် ပဲဆီ၊ နှမ်း၊ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ ပဲပိစပ်ဆီဟု စားသုံးဆီအမျိုးမျိုးထုတ်လုပ်ရောင်းချလျက်ရှိသလို ပြည်ပမှတင်သွင်းသော စားအုန်းဆီများလည်း ရောင်းဝယ်စားသုံးနေကြလျက်ရှိသည်။ သို့သော်လည်း ဈေးကွက်အတွင်း ပဲပိစပ်ဆီဟုဆိုကာ ပဲပုပ်ဆီအား လွဲမှားစွာ ခေါ်ဆိုရောင်းချမှုများရှိကြသောကြောင့် ပဲပိစပ်နှင့် ပဲပုပ်သီးနှံ၏ မတူညီသောအကြောင်းအရာများအား ရှာဖွေလေ့လာရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
ပဲပုပ်သီးနှံ၏ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၌ အဓိကထားစိုက်ပျိုးလျက်ရှိပြီး တစ်နိုင်ငံလုံး ပဲပုပ်စိုက်ဧက၏ ၅၀ရာခိုင်နှုန်းခန့် စိုက်ပျိုးမှုရှိသည်ဟုသိရသည်။ ကျန်ရှိဧရိယာကိုတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်တွင် ပဲပုပ်သီးနှံအား သီးသန့်သော်လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံများကြားတွင် သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။ မိုးနှင့်ဆောင်း ခွဲခြား၍ ရာသီဥတု ရေမြေဒေသ အခြေအနေပေါ် မူတည်ကာ စိုက်ပျိုးကြသည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မြစ်ရေကျချိန် ကိုင်း၊ ကျွန်းများ၌လည်း စိုက်ပျိုးကြသည်။ ပြည်တွင်းစားသုံးရန်အတွက် အဓိက စိုက်ပျိုးခြင်း ဖြစ်ပြီး သက်ကြီး၊ သက်လတ်၊ သက်လျင် အစေ့သေး၊ အစေ့ပြား၊ အစေ့လုံး၊ အကြီး/အသေးများစွာ ကွဲပြားမှုရှိသကဲ့သို့ ပင်ထောင်၊ ပင်ဖောက်၊ ပင်ကား၊ ခြုံဆိုင်မျိုးများလည်းရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံတွင် ပဲပုပ်အား ပြည်တွင်းစားသုံးမှုအနေဖြင့်သာ စိုက်ပျိုးကြခြင်းဖြစ်ပြီး ပြည်ပဈေးကွက်မှာတော့ ရောင်းအားကောင်းသောနိုင်ငံများမှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ပါရာဂွေးတို့အပြင် ပစိဖိတ်ကမ်းရိုးတန်းနိုင်ငံလေးများနှင့် ကျွန်းနိုင်ငံများပါဝင်ပြီး အာရှအရှေ့ဖျားနိုင်ငံများဖြစ်ကာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများအနေဖြင့်လည်း အများဆုံး ဝယ်ယူတင်သွင်းကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ပဲပုပ်ရောက် ရှိခဲ့သည်မှာ နှစ် ၁၀ဝ ကျော်ခန့်ရှိပြီး ဆီစတင်ကြိတ်ခွဲသည့် ပဲပုပ်စေ့များကို မန်ချူရီးယားနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကာ ၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း အမေရိကန်၌ ပဲပုပ်စိုက်ပျိုးသည့် ပမာဏမှာ ၄၄ ဆ မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် စက်မှုနှင့် စိုက်ပျိုးရေး အတတ်ပညာ အထူးဖွံ့ဖြိုးသည့် နိုင်ငံဖြစ်သည်နှင့်အညီ ပဲပုပ်အားအခြေခံ၍ စားသောက်ကုန်မျိုးစုံ၊ ဆီ၊ ထောပတ်၊ ချောကရက် စသည် များတွင် သုံးစွဲရုံမက အဝတ်အထည်၊ အလှကုန်များအထိ ထုတ်လုပ်သုံးစွဲလာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်တော့ ပဲပုပ်အား ရှမ်းပြည်နယ်ဒေသထွက်ကုန်အဖြစ် ပဲပုပ်စေ့လှော်၊ ပဲပုပ်စေ့ကြော်၊ ဆီတိုဟူးဆိုပြီး ရောင်းချရသလို ဈေးကွက်အတွင်း ရှမ်းရိုးရာအစားအစာ ရှမ်းပဲပုပ်ဟူ၍ လူသိများပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ရောင်းချမှုများ ရှိခဲ့ကြသည်။ ပဲပုပ်အား အချဉ်ဖောက်၍ ပဲနို့၊ ပဲငပိ၊ ပဲငံပြာရည်နှင့် တိုဟူးတို့အား ထုတ်လုပ်ရောင်းချကြသည်။ ပဲပုပ်သည် အရေးပါအသုံးဝင်သည့် ပဲသီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်ဆီသည် ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်ဆီအဖြစ် ကမ္ဘာ့ထိပ်တန်းနေရာတွင်ရှိခဲ့ကြသည်။ ပဲပုပ်သည် ရှေးအကျဆုံးစားသုံးသီးနှံ ဖြစ်ပြီး ယနေ့ခေတ်တွင် ဈေးကွက်အတွင်း အသုံးဝင်သော သီးနှံအဖြစ် အောင်မြင်မှုရလျက်ရှိသည်။ နိုင်ငံတကာသုံးအစားအစာဖြစ်၍ ပဲပုပ်သည် အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုးဖြစ်၍ ကမ္ဘာအရေးကြီးဆုံး သီးနှံ ၁၀ မျိုး ဖြစ်သည့် ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနံ၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ဝါးဥ Plantains ခေါ် ချက်စားရသော ငှက်ပျောသီး စသည်တို့တွင် နံပါတ် (၆) နေရာ၌ရှိသော သီးနှံဖြစ်သည်။
သက်သတ်လွတ်သမားများအတွက်လည်း အားထားရသော ဟင်းလျာဖြစ်ကာ ပဲပုပ်စေ့ကို အစိမ်းလိုက်ကြော်၍ စားနိုင်သလို ပြုတ်၍လည်း သုပ်စားနိုင်ပါသည်။ ပဲပုပ်ထောင်း၊ ပဲပုပ်ကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ်ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်စေ့ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည်ဖြင့် မိမိနှစ်သက်သလိုချက်စားနိုင်ပြီး မုန်ညင်းရွက်နှင့်ပဲပုပ်အား ပဲပုပ်ဟင်းချို အဖြစ်လည်း စားသုံးနိုင်သည်။
ကျန်းမာရေးအရကြည့်မည်ဆိုလျှင်လည်း ပဲပုပ်တွင် ပရိုတင်းဓာတ် အဓိကပါဝင်ပြီး ၄၀ ဒသမ ၄၅ ရာခိုင်နှုန်းနှင့် အခြားကောင်းမွန်သည့် ဆီနှင့် Carbs တို့လည်းပါရှိသည်။ ပဲပုပ်တွင် ခွန်အားနှင့် သွေးနီအား တိုးတက်စေသော သံဓာတ်များ အလုံအလောက်ပါရှိသောကြောင့် သက်သတ်လွတ်စားသူများအတွက် သံဓာတ်ဖြည့်စွက်စာအဖြစ် စသုံးနိုင်သည်။ ပဲပုပ်တွင်ပါဝင်သော ပရိုတင်းဓာတ်သည် အခြားသောသီးနှံများတွင် ပါဝင်သည့် ပရိုတင်းဓာတ်နှင့်မတူဘဲ သာလွန်ကောင်းမြတ်သော ပရိုတင်းဓာတ်ဖြစ်သလို အသားများနှင့်ယှဉ်လျှင်လည်း အမဲသားထက် နှစ်ဆ၊ ကြက်ဥထက် သုံးဆ၊ နွားနို့ထက် ၁၁ ဆ ပိုမိုပါသည်။ ပဲပုပ်သီးနှံသာမက ပဲပုပ်ဆီသည် စားသုံးသူများအတွက် အလားတူ ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု လေ့လာသိရှိရသည်။
ပဲပိစပ်ကိုမူ လှော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ အစေ့လိုက် စားသုံးနိုင်သကဲ့သို့ အမှုန့်ပြုလုပ်၍လည်း စားသုံးနိုင်သည်။ ပဲပိစပ်အား အင်္ဂလိပ်အမည် (Horse Gran) ဖြစ်ပြီး ပဲပိစပ်တွင် ဆီပါဝင်မှု သုည ဒသမ ၅၀ ရာခိုင်နှုန်းသာ ပါဝင်ကာ ပရိုတင်းဓာတ်ပါဝင်မှုမှာ ပဲပုပ်ကိုမမီဘဲ ဖန်ရည်ပါဝင်မှုများသောကြောင့် ဖန်သည့်အရသာရှိသည့်အတွက် မြန်မာနိုင်ငံတွင် ပုန်းရည်ကြီးအဖြစ်သာ အဓိကထုတ်လုပ်ရောင်းချသည့် ပဲသီးနှံဖြစ်သည်။ ပဲအစေ့ပြုတ်များနှင့် ပင်စည်၊ အရွက်၊ အသီးတို့အား ကျွဲ၊ နွား၊ မြင်းများအား ကျွေးကြသည့်အတွက် မြင်းစားပဲဟုပင်ခေါ်တွင်ကြသည်။ ပဲပိစပ်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဟုယူဆရပြီး မြန်မာနိုင်ငံတွင်တော့ အထက်အညာဒေသများဖြစ်သည့် မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုရှိကြောင်းနှင့် ဆီပါဝင်မှု သုည ဒသမ ၅၀ ရာခိုင်နှုန်း သာပါဝင်သည့် ပဲပိစပ်နှင့် ဆီပါဝင်မှု ၁၉ ဒသမ ၂၀ ရာခိုင်နှုန်း ပါဝင်သော ပဲပုပ်သီးနှံများ၏ ကွဲပြားမှုအား သိရှိနိုင်စေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
ခင်ဆွေဝင်း(ပြည်)