Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Wed, 12/21/2022 - 14:40 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင်Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၃ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၃ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၄ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၉ ဒေါ်လာဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၈ ဒေါ်လာ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၈ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၈ဒေါ်လာဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများနှင့် ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းများ မြင့်တက်နေခဲ့ပြီး ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။

ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အာရှဆန်ဈေးကွက် တွင် ကမ္ဘာ့ဆန် အဓိကတင်ပို့ သည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ ၎င်းပြည်တွင်းထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင့် ပြည်ပဆန်တင်ပို့မှု အကန့်အသတ်များ ပြုလုပ်ပြီးနောက် အခြားနိုင်ငံများမှ ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်တက်လျက်ရှိကာ ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်ဈေးနှုန်းများမှာ မြင့်တက်လာပြီး အိန္ဒိယ ဆန်ဈေးနှုန်းမှာ ဈေးနှုန်းတည်ငြိမ်နေကြောင်း တွေ့ရှိရသည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၉ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၈၆၃၅၅၃ ဒသမ ၄၈၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၄ ဒသမ ၄၈၈ သန်း၊ ဆန်ကွဲတန်ချိန် ၅၅၀ဝ၉၈ ဒသမ ၂၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၄ ဒသမ ၂၅၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ  တင်ပို့နိုင်မှု တန်ချိန် ၁၄၁၃၆၅၁ ဒသမ ၆၉၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၈ ဒသမ ၇၄၃ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၇၆၄၃၂၂ ဒသမ ဝ၄၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၈၄၀ သန်း၊ ဆန်ကွဲတန်ချိန် ၅၂၄၃၆၁ ဒသမ ၄၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ဝ၀၁ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၂၈၈၆၈၃ ဒသမ ၅၂၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၂ ဒသမ ၈၄၁ သန်းဖြစ်ကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရှိရသည်။

ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၉၉၂၃၁ ဒသမ ၄၃၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၆၄၈ သန်း၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၂၅၇၃၆ ဒသမ ၇၃၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၅၄ သန်း ပိုမို တင်ပို့ခဲ့သည်ကို သိရှိရသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၁၀ ကျပ်နှုန်းရှိပြီး ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်အိတ်လျှင် ၄၂၂၃၀ ကျပ်မှ ၄၄၂၈၀ ကျပ်ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်းနယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း အနေဖြင့် တစ်ဘတ်လျှင် ၈၁ ကျပ်နှုန်းပေါက်ဈေးရှိကြောင်း သိရှိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၃၂၀ဝ ကျပ်ဖြင့် အမြင့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ပြည်၊ ပဲခူးနှင့် ဘားအံမြို့တို့တွင် ဧည့်မထဆန်သစ် တစ်ပြည်လျှင် ကျပ် ၁၈၀ဝ နှင့် မော်လမြိုင်မြို့တွင် ဧည့်မထဆန်သစ် တစ်ပြည်လျှင် ၁၆၅၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။

Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ဒုတိယအပတ်တွင် နိုင်ငံတကာဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။