မြန်မာလူမျိုးတို့၏ နေ့စဉ်စားသုံးနေသည့် ဟင်းလျာများတွင် အသုံးများသည့်ပစ္စည်းတစ်ခုမှာ “ချင်း”သီးနှံပင်ဖြစ်သည်။ ချင်းသီးနှံမှာ လူသားတို့အတွက် ကျန်းမာရေး အထူးကောင်းမွန်စေပြီး အထူးသဖြင့် အာရှနွယ်ဖွားတိုင်းရင်းသားများ အများဆုံး စားသုံးကြသော သီးနှံတစ်မျိုးဖြစ်သည်။ ချင်းကို အာရှနွယ်ဖွားများ၏ ခန္ဓာကိုယ်အပေါ် ကောင်းကျိုးသက်ရောက်မှုရရှိစေရန်အတွက် ရာစုနှစ်များစွာကတည်းက စားသုံးလာသည့်သီးနှံတစ်မျိုးဖြစ်သည်။
ချင်းကို ဟင်းခတ်အမွှေးအကြိုင်အတွက်သာမက အချိုရည်များ၊ ဖြည့်စွက်စာများနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုရကြောင်း သိရှိရသည်။ အခုအခါ ချင်းစိုက်ပျိုးသည့် နိုင်ငံအချို့က ပို့ကုန်အဖြစ် တင်ပို့ကြပြီး Re-export အဖြစ် တင်ပို့နေကြောင်းလည်း သိရှိရသည်။ သို့အတွက်ကြောင့် မြန်မာ့တောတောင်ရေမြေသဘာဝနှင့် ကိုက်ညီသော ချင်းစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်ရေးသည် လွန်စွာအရေးကြီးလှသည်။
မူလထွက်ရှိသည့်ဒေသ
ချင်း၏မူရင်းဒေသမှာ အရှေ့တောင်အာရှ ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၀ ပြည့်ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ချင်းစိုက်ပျိုးထွက်ရှိမှုမှာ ၄ ဒသမ ၃မက်ထရစ်တန် ထွက်ရှိပြီး အိန္ဒိယနိုင်ငံ၏ထွက်ရှိမှုမှာ တစ်ကမ္ဘာလုံး၏ ၄၄ ရာခိုင်နှုန်း ထွက်ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံ မှ ၁ ဒသမ ၈ မက်ထရစ်တန်၊ နိုင်ဂျီးရီးယားနိုင်ငံမှ သုည ဒသမ ၇ မက်ထရစ်တန်၊ တရုတ်နိုင်ငံမှ သုည ဒသမ ၆၁ မက်ထရစ်တန်၊ နီပေါ မှ သုည ဒသမ၂၉ မက်ထရစ်တန်၊ အင်ဒိုနီးရှားမှ သုည ဒသမ ၁၈ မက်ထရစ်တန်၊ ထိုင်းနိုင်ငံမှ သုည ဒသမ ၁၆ မက်ထရစ်တန် စိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။
ကမ္ဘာ့နိုင်ငံများတွင် ချင်းအများဆုံး စားသုံးသည့် နိုင်ငံများမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ နိုင်ဂျီးရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ပါကစ္စတန်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်သည်။ တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးများမှ အိမ်နီးချင်းနိုင်ငံငယ်များမှ ချင်းများဝယ်ယူစုဆောင်း၍ ၎င်းတို့စားသုံးပြီး ပိုလျှံသည့် “ချင်း”များကို တန်ဖိုးမြှင့် ထပ်မံမွမ်းပြင်ဆင်ပြီး ပြန်လည်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ အထူးသဖြင့် အနောက်နိုင်ငံရောက် အာရှတိုက်သား များ၏အဓိကအစားအစာများတွင် “ချင်း” သည် မပါမဖြစ် သီးနှံဖြစ်ပြီး ဈေးကောင်းရရှိသည့်အတွက်ကြောင့်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အနောက်နိုင်ငံဈေးကွက်များသို့ ထိုးဖောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာတွင် ထွက်ရှိသည့်ဒေသ
မြန်မာနိုင်ငံတွင် ချင်းကို နေရာဒေသအနှံ့အပြား စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးထွက်ရှိသည်။ အဓိက အများဆုံးစိုက်ပျိုးထွက်ရှိသည့်ဒေသမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပင်လောင်း၊ ကလော၊ ဟိုပုံး၊ ပင်းတယနှင့်တောင်ကြီးမြို့နယ်တို့ဖြစ်ပြီး ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် အနည်းငယ် စိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။ ထိုဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသမှ ထွက်ရှိသော ချင်း၏အရည်အသွေး အနှစ်သာရ အနည်းငယ် ကွာခြားမှုရှိသည်။ တောင်ပေါ်ဒေသထွက် ချင်းသည် ကျစ်လျစ်၍ အသားမာပြီး အနံ့ပိုမို ပြင်းထန်၍ မြေပြန့်ဒေသထွက် ချင်းသည် ကြီးမား၍ အသားပွပြီး အနံ့ပြင်းထန်မှုမရှိကြောင်း တွေ့ရှိရသည်။
အာဟာရဓာတ်ပါဝင်မှု
ချင်းကို အဓိကအားဖြင့် ရေ ၇၉ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတွင် ကာဗိုဟိုက်ဒရိုက် ၁၈ ရာခိုင်နှုန်းပါဝင်ပြီး ပရိုတင်းဓာတ် ၂ ရာခိုင်နှုန်းနှင့် အဆီပါဝင်မှု ၁ ရာခိုင်နှုန်းနီးပါး ပါဝင်သည်။ ၁၀ဝ ဂရမ်စားသူတိုင်းအတွက် ချင်းသည် ခန့်မှန်းခြေအားဖြင့် ၃၃၄ ကယ်လိုရီရရှိပြီး ချင်းတွင် ဗီတာမင် B1, B2, B3, B5, B6, B9, E, မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဇင့်၊ ဖော့စဖရပ် နှင့် ဆိုဒီယမ်တို့ ကြွယ်ဝစွာပါဝင်သည်။ ထို့ကြောင့် ချင်းကို စားသောက်ကုန်ပစ္စည်းများအပြင် ဆေးဝါးကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးဝင်သော သီးနှံဖြစ်သည်။
အသုံးပြုပုံ
ပြုတ်ရည်နှင့် အစားအစာများ၏ အနံ့နှင့်အရသာအတွက် အသုံးပြုကြသည်။ အများအားဖြင့် မှည့်သောအမြစ်များ၊ အမှုန့်ခြောက်များ၊ ချင်းဆီ သို့မဟုတ် အမြစ်ထုတ်ယူမှုတို့ကို စီးပွားဖြစ်ဆောင်ရွက်လျက်ရှိသည်။ ချင်းပါဝင်သော အာရှဆော့စ်များ၊ ဆိုဒါ၊ အမွှေးအကြိုင်နှင့် အနာရောဂါ ပျောက်ကင်းစေနိုင်သည့် အမှုန့်ခြောက်များ အပြည့်အဝ ဖော်ဆောင်အသုံးပြုကြသည်။ အချို့သော နိုင်ငံများတွင် ချင်းမှ ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ကြပြီး အချို့ကို ဖြည့်စွက်စာအဖြစ် ထုတ်လုပ်ကြကြောင်း သိရှိရသည်။ ဂျပန်လူမျိုးတို့၏ အစားအစာတစ်မျိုးဖြစ်သော “ဆူရှီ” ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်းတစ်မျိုးတွင် “ ချင်း”သီးနှံပါဝင်ကြောင်း သိရှိရသည်။
မြန်မာတိုင်းရင်းသားအချို့သည် “ ချင်း” ကို နှာစေးချောင်းဆိုး ပျောက်ဆေးအဖြစ် ယနေ့တိုင် ယုံကြည်စွာ သုံးစွဲလျက်ရှိကြသည်။ ထို့အပြင် ချင်းလူမျိုးတို့၏ ဆာဘူးသီးရိုးရာ အစားအစာတွင် အဓိက ဟင်းလျာအဖြစ် အသားနှင့် “ ချင်း”ကို ရောနှောထောင်းစားလေ့ ရှိသည်။ “ချင်း ”သည် မကောင်းဆိုးရွားများက မကပ်နိုင်ကြောင်း အယူအဆများလည်း တောင်ပေါ်ဒေသအချို့တွင် ယနေ့တိုင် ယုံကြည်ကြသဖြင့် အိမ်တိုင်းတွင် ဆောင်ထားလေ့ရှိကြသည်။
ချင်း၏အကျိုးကျေးဇူးများ
ချင်းတွင် ပါဝင်သော sesquiterpenes နှင့် ဓာတ်တိုးဆန့်ကျင်သည့်ပစ္စည်း antioxidants ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေခြင်းကြောင့် နှာစေး၊ နှာပိတ်စသည့် အအေးမိတုပ်ကွေး ဝေဒနာနှင့် ဖျားနာကိုက်ခဲခြင်း ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းစေခြင်း၊ အရိုးအဆစ်များ ရောင်ရမ်းခြင်းနှင့် အဆစ်အမြစ်များ ကိုက်ခဲမှုများကို သက်သာစေခြင်း၊ ကြွက်သားနာကျင်မှုကို သက်သာစေခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက် သာစေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ မိန်းကလေးများ ဓမ္မတာလာချိန်တွင် နာကျင်ကိုက်ခဲခြင်းကို လျော့နည်းစေခြင်း၊ ဗက်တီးရီးယားပိုးများကို သေစေနိုင်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာများမှကာကွယ်ပေးနိုင်သည့်အစွမ်းသတ္တိများ ပေးစွမ်းနိုင်သည်။
ဈေးကွက်အလားအလာ
ကမ္ဘာပေါ်တွင် ချင်းအများဆုံးတင်ပို့သည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဂျာမနီ၊ နယ်သာလန်၊ ယူနိုက်တက် ကင်းဒမ်း၊ ဗီယက်နမ်၊ စပိန်၊ ပြင်သစ်နှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ချင်းစို (သို့) ချင်းစိမ်း(Fresh Ginger)နှင့် ချင်းခြောက် (Dried Ginger) နှစ်မျိုးရှိရာမှ ချင်းစို (သို့) ချင်းစိမ်း ကို အအေးဘူး (Cool Box)များဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသများမှ တင်ပို့၍ ဈေးကွက်ရရှိလျက်ရှိကြောင်း သိရှိသည်။WITS (World Integrated Trade Solutions)၏ ဖော်ပြချက်အရ ၂၀၂၁ ဘဏ္ဍာနှစ်တွင် ချင်းတန်ချိန် ၅၀၃၅၇၁ တန် ပမာဏအား မြန်မာနိုင်ငံ အပါအဝင် တရုတ်၊ နယ်သာလန်၊ အိန္ဒိယ၊ ပီရူးနှင့် ထိုင်းနိုင်ငံများက အများဆုံး တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၂ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်စခန်းမှ တင်ပို့နိုင်မှုမှာ သြဂုတ်လတွင် ချင်းခြောက် တန်ချိန် ၁၉၄ တန်၊ စက်တင်ဘာလတွင် ၃၂ တန်နှင့် ဒီဇင်ဘာလတွင် ၁၇ တန်ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ ချင်းတင်ပို့မှု၏ ၆၈ ရာခိုင်နှုန်းသည် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိဂုံး
မြန်မာနိုင်ငံတွင် ဒေသမရွေး စိုက်ပျိုးနိုင်သော “ချင်း”ကို တိုးချဲ့စိုက်ပျိုးသင့်သည်။ ထို့ပြင် “ချင်း” အထွက်တိုးတက်လာစေရေး လယ်စိုက်ပျိုးရေးနည်းစနစ် ပြုပြင်သင့်သည်များလည်း ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုသည်။အကြောင်းမှာ“ ချင်း”အစို၊ အခြောက်များသည် ဈေးကွက်တွင် ဝယ်လိုအား မြင့်နေခြင်းကြောင့်ဖြစ်သည်။ ဖြစ်နိုင်ပါက တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်၍ ရနိုင်သောသီးနှံဖြစ်ကြောင်းလည်း တွေ့ရှိရသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်စစ်ဆေးရေးမှူးများနှင့်ဝန်ထမ်း များအနေဖြင့် မိမိတို့ဒေသများတွင် “ချင်း” စိုက်ပျိုးထုတ်လုပ်မှု တိုး မြှင့်ရန်နှင့် ဈေးကွက်တင်ပို့နိုင်ရေး စည်းရုံးခြင်းများ ဆောင်ရွက်သင့် ကြောင်း အကြံပြုလိုသည်။
ဤသို့ ဆောင်ရွက်မည်ဆိုပါက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းလည်း ဆောင်ရွက်နိုင်သကဲ့သို့ ပြည်တွင်းစီးပွားရေး မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေလည်း တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးရာလည်း ရောက်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
ဟန်စုယဉ်ညွန့်(ပြည်ထောင်စုနယ်မြေ)