Main menu

Background

လက်လီပဲဈေးကွက်၌ ဈေးကောင်းရနေသော နှစ်အလိုက် ပဲဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေ

Mon, 06/03/2024 - 10:18 -- journal_editor

ယခုနှစ်မှာ ပြည်တွင်းစားသုံးမှုများသော ပဲအများစု၏  ဈေးနှုန်းများ ပြည်ပဝယ်လိုအား ကောင်း သော ပဲများထက်ပင် ဈေးကောင်းရနေသည်ကိုတွေ့ရသည်။  အဆိုပါပဲများမှာ ထောပတ်ပဲ၊ ပဲနီပြား ၊ စားတော်ပဲသီးနှံများဖြစ်ကြခြင်း ပြည်ခရိုင်အတွင်း အဆိုပါ ပဲများမှာ စိုက်ပျိုးမှုလည်း နည်းသလို ထွက်ရှိမှုလည်း နည်းခဲ့ခြင်းကြောင့် ဈေးကွက်မှာ ပဲပေါ်ချိန်၊ အထွက် လှိုင်ချိန်များတွင်သာ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်ပြီး ယခုလို ပဲအဝင်ပါးချိန်များတွင် လှောင် ပဲလက်ကျန်များဖြင့် လက်လီသမားများ နေ့စဉ်အဝယ်ရှိကြသည့် ပဲများဖြစ်သည်။  ယခင်နှစ်ကတည်းက ပဲဈေးနှုန်းအားလုံး ဈေးကောင်းရလာသလို ထောပတ်ပဲ၊ ပဲနီပြား ၊ စားတော်ပဲ သီးနှံများကလည်း ဈေးကောင်းခဲ့ကာ စားတော်ပဲသီးနှံမှာ ပိဿာ ၂၀  တစ်တင်း ကျပ် ၁၄၅၀ဝ၀ အထိ ဈေးကောင်းရရှိခဲ့သည်ဟု သိရသည်။ 
ထို့ကြောင့် ယခင်နှစ်က ပဲဈေးကွက်အတွင်း ပြည်တွင်း/ပြည်ပ ဝယ်လက် ပဲများအားလုံးထက် စား တော်ပဲသီးနှံသည်  ဈေးအမြင့်ဖြင့် စံချိန်တင်ရရှိခဲ့သည့် သီးနှံဖြစ်ခဲ့သည်။ နှစ်အလိုက် အဆိုပါပဲများ၏ ကာလတူ အချိန်ရရှိခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်း‌ လေ့လာသိရှိရသည်။
တစ်တင်း/ကျပ်
    စဉ်    ပဲအမျိုးအစား       ၂၀၂၁    ၂၀၂၂    ၂၀၂၃    ၂၀၂၄ 
                                      မေလ    မေလ    မေလ    မေလ

    ၁။    ထောပတ်ပဲ         ၂၇၀ဝ၀   ၄၆၀ဝ၀   ၉၀ဝ၀ဝ   ၁၀၅၀ဝ၀
    ၂။    ပဲနီပြား               ၃၄၀ဝ၀   ၅၀ဝ၀ဝ   ၈၃၀ဝ၀   ၁၂၀ဝ၀ဝ
    ၃။    စားတော်ပဲ          ၅၀ဝ၀ဝ   ၈၅၀ဝ၀    ၁၄၅၀ဝ၀    ၁၀ဝ၀ဝ၀
အဆိုပါဈေးနှုန်းများအရ ပဲအားလုံး တစ်နှစ်ထက်တစ်နှစ် ဈေးပိုရလာခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ထောပတ်ပဲသီးနှံသည် ဈေးအနိမ့်ဖြင့်ရခဲ့ရာမှ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပဲနီပြား ဈေးထက် ဈေးပိုရရှိခဲ့သလို ယခုနှစ်တွင် နှစ်စဉ် ဈေးအမြင့်မှာ ရပ်တည်ခဲ့သော စားတော်ပဲသီးနှံထက်လည်း ဈေးပိုခဲ့သည်။ 
ပဲနီပြားသီးနှံဈေးမှာ နှစ်စဉ် ထောပတ်ပဲသီးနှံဈေးထက် ဈေးပိုခဲ့ကာ  ၂၀၂၃ ခုနှစ် တစ်နှစ်တည်း သာ ထောပတ်ပဲသီးနှံထက်  ဈေးအနည်းငယ် လျော့နည်းသွားခဲ့သည်။  ယခုနှစ်မှာ ပဲနီပြားသီးနှံသည် ထောပတ်ပဲထက်လည်း ဈေးပိုသလို စားတော်ပဲသီးနှံ ထက်လည်း ဈေးပိုရခဲ့ခြင်းကြောင့် ပဲဈေးကွက်မှာ ယခုနှစ်အတွင်း ဈေးကောင်းရလျက်ရှိသော  ပြည်ပဝယ်လက်၊ မတ်ပဲ၊ ပဲစင်းငုံသီးနှံများနည်းတူ ဈေးနှုန်း များ မြင့်တက်လျက်ရှိခဲ့သည်။ 
စားတော်ပဲသီးနှံအနေဖြင့် အခြားပဲများအားလုံးနှင့် နှိုင်းယှဉ်လျှင် အခြားပဲများ ဈေးအေးခဲ့သည့် ၂၀၂၁-၂၀၂၂ နှစ်များတွင် ဈေးအမြင့်ဖြင့်သာ ရပ်တည်လျက်ရှိပြီး ပဲတစ်တင်း ကျပ်ငါးသောင်းအောက် လျော့မသွားဘဲ  ၂၀၂၂ ခုနှစ်တွင် ဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တစ်တင်း ကို ကျပ် ၁၄၅၀ဝ၀ ဖြင့် ဈေးအမြင့်ဆုံးရနေခဲ့သည်။ 
သို့သော် ယခုနှစ်တွင် အခြားပဲသီးနှံဈေးနှုန်းများ မြင့်တက်လာသော်လည်း စားတော်ပဲသီးနှံမှာ ဈေးလျော့နေခဲ့ကြောင်း သိရသည်။ အဆိုပါပဲများသည်  ယခုကာလ ပဲဈေးကွက်တွင် လက်ကားရောင်းဝယ်မှု ထက် လက်လီရောင်းဝယ်မှု ပို၍အဖြစ်များကြောင်း သိရသည်။                              

 

 ခင်ဆွေဝင်း(ပြည်)