Main menu

Background

ဧရာဝတီတိုင်းဒေသကြီးမှ မတ်ပဲဈေးကွက်

Tue, 12/03/2024 - 11:39 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး နှစ်စဉ် လက်ယာ ထွက်ကုန်သီးနှံအမယ်ပေါင်း ၆၀ ကျော် စိုက်ပျိုးထုတ်လုပ်လျက် ရှိရာ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ တင်ပို့ရန် တစ်နိုင်ငံလုံး အနေဖြင့် ပဲမျိုးစုံစိုက်ဧက  ၂၁ ရာခိုင်နှုန်းကျော်ရှိပြီး ပဲမျိုးစုံ ၁၉ မျိုး စိုက်ပျိုးလျက်ရှိရာ ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲတီစိမ်း စိုက် ဧကမှာ ပဲစိုက်ပျိုးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလျက်ရှိသော်လည်း ဈေးကွက်တွင် အများဆုံး စားသုံးလျက်ရှိသော ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်၊ စားတော်ပဲ၊ မြေပဲ၊ ထောပတ်ပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲလွန်း၊ ပဲကတ္တီပါ၊ မြေထောက်ပဲတို့မှာ ပြည်တွင်း ဈေးကွက်တွင် အရောင်း အဝယ် သွက်လျက်ရှိပြီး ပြည်ပသို့ အဓိကတင်ပို့နေသော မတ်ပဲကို စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးရာသီ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးစပါးရိတ်သိမ်းပြီးချိန် ဆောင်းရာသီ တွင် သီးထပ်သီးနှံအဖြစ်  စိုက်ပျိုးလျက်ရှိသည်။ မတ်ပဲစိုက်ပျိုး ဧရိယာ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အောက်မြန်မာပြည်တွင် စိုက်ပျိုး လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း မြို့နယ်အား လုံးနီးပါး မတ်ပဲစိုက်ဧက ၉၉၉၄၂၆ ဧက ကျော် စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်၊
မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍတွင် ပြည်ပဈေးကွက် အတွက် ဆန်စပါးပြီးလျှင် ပဲမျိုးစုံသီးနှံမှာ ဒုတိယအများဆုံး တင်ပို့ လျက်ရှိပြီး မတ်ပဲကို ပြည်တွင်း၌ ပဲပင်ပေါက်၊ ပဲဟင်း၊ ဗယာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့်တို့ပြုလုပ်ကာ အနည်းငယ်သာ စားသုံးမှုရှိပြီး အများအားဖြင့် ပြည်ပဈေးကွက်အတွက် စိုက်ပျိုးထုတ်လုပ်လျက် တောင်သူများ အကျိုးအမြတ်များစွာရရှိနေသော ဈေးကွက်ဝင် သီးနှံဖြစ်သည်။ 
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့လျက်ရှိသော မတ်ပဲမှာ နိုင်ငံ အတွင်း  စိုက်ပျိုးလျက်ရှိသော သီးနှံများတွင် ပဉ္စမမြောက် စိုက် ဧရိယာအများဆုံး သီးနှံဖြစ်သည့်အပြင် တန်ချိန်အရသော် လည်း ကောင်း၊ တန်ဖိုးအရသော်လည်းကောင်း အများဆုံးတင်ပို့သောသီးနှံဖြစ်ပြီး မတ်ပဲကို ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။ စုစုပေါင်းစိုက်ဧက 
၂ ဒသမ ၂၉ သန်းမှ  အထွက်တင်း ၄၁ သန်း တန်ချိန်အားဖြင့် 
၁ ဒသမ ၃၄ သန်းတို့ထွက်ရှိပြီး မြန်မာမတ်ပဲ ပြည်ပသို့ တင်ပို့မှုမှာ နှစ်စဉ် တန်ချိန် ၄ ဒသမ ၆ သိန်းမှ ၆ ဒသမ ၇ သိန်းအထိရှိပြီး အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်ပပို့ကုန် မတ်ပဲ ဈေးနှုန်းမှာ အောက်တိုဘာလအတွင်း တစ်တင်း ကျပ် ၁၂၁၅၀ဝ ဈေးရှိသော်လည်း  ယခုနိုဝင်ဘာလတွင် မတ်ပဲ တစ်တင်း ကျပ် ၁၁၆၅၀ဝ ဈေးဖြစ်ခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ် တင်း ကျပ် ၅၀ဝ၀ ဈေးနှုန်းကျဆင်းမှုရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ နှစ်စဉ် မတ်ပဲတင်း သိန်း ၉၀ ဝန်းကျင်ထွက်ရှိကာ ရန်ကုန်မြို့သို့ အဓိကပေးပို့ရောင်းချလျက် ရန်ကုန်မြို့မှတစ်ဆင့် ကုန်ချောပြုလုပ် ကာ  ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရ သည်၊

မင်းမင်းဦး(ပသ)