မြန်မာ့ဒေသထွက် ထောပတ်သီးကို တရုတ်နိုင်ငံသို့ လာမည့် အောက်တိုဘာလအတွင်း တင်ပို့ခွင့်ရရှိနိုင်ရန် ပိုးမွှား ခြောက်မျိုး စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း MAVO မှ သိရသည်။
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ GACC)မှ ပိုးမွှား ခြောက်မျိုးစစ်ဆေးရန် အတွက် ခြံပိုင်ရှင်များမှ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာ နိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း (MAVO) နှင့် ခြံစိုက်လုပ်ငန်းရှင်များ၊ တောင်သူများ ဇူလိုင် ၁၉ ရက်က ရှမ်းပြည်နယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို နှစ် အလိုက် တင်ပို့ဖို့ အလားအလာရှိသည့် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများ၏ တင်သွင်းမှု ဈေး ကွက်အခြေအနေများရှိ ကြောင်းနှင့် ယခုရာသီတွင် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံဈေးကွက်များသို့ တင်ပို့ရန်လျာ ထားကြောင်း သိရသည်။
ထောပတ်သီး စိုက်ပျိုးထုတ်လုပ်မှုအတွက် သွင်းအားစု များဖြစ်သည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများအား အသင်းဝင် တောင်သူများထံသို့ အကျိုးတူပူးပေါင်း၍ ဆောင် ရွက်ပေးမည်ဖြစ်ပြီး ဈေးကွက်ရရှိရန် အရည်အသွေးကောင်း စံချိန်မီအသီးများ ထုတ်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်သည်။
ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့ နယ်များ၌ ယခင်ဒေသမျိုးများအပြင် အမေရိကန်နိုင်ငံ ကယ် လီဖိုးနီးယားမှ တင်သွင်းခဲ့သည့် နိုင်ငံတကာဈေးကွက်ဝင် မျိုးများဖြစ်သည့်Hass, Bacon, Fuerte, Lamb Hass, Reed, Zutano စသည့်မျိုးများကို ၂၀၁၈ ခုနှစ်တွင် ကိုင်းဆက်၍ စတင်စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးမှုဧကအနေဖြင့် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ခန့် စိုက်ပျိုးထားကာ နှစ်စဉ် တန် ၅၀ဝ မှ ၁၀ဝ၀ ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထောပတ်သီးနှင့် ဆက် စပ်သည့် တန်ဖိုးမြင့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင် ရေးနှင့်စပ်လျဉ်း၍ လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆတ်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း Pest Risk Analysis (PRA))ကို အဝေးရောက်စနစ်ဖြင့် လေ့လာ အကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင် ရွက်ရန် နှစ်နိုင်ငံအကြား သဘောတူပြီးဖြစ်ကြောင်းနှင့် ထောပတ်သီးနှင့် ဆက်စပ်သောတန်ဖိုးမြင့် စားသောက် ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ ဖျော်ရည်များ၊ အေးခဲ သစ်သီးများကို တင်ပို့ရန်GACC ၏ CIFER system မှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ကိုတိုး