ဈေးကောင်းရရှိလျက်ရှိသည့် သရက်သီး အနှစ်များကို ပြည်ပနိုင်ငံ များသို့ ဦးစားပေးတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့သရက် ဈေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ လက်ရှိတွင် သရက်သီးအလုံးထက် အနှစ်များ အေးခဲ၍ ပြည်ပဈေး ကွက်သို့ စမ်းသပ်တင်ပို့ခဲ့ရာတွင် ဈေးကောင်းရရှိသည့်အတွက် ပြည်ပဈေး ကွက်အသစ်ရှာဖွေကာ တင်ပို့သွားမည်ဖြစ်သည်။ပြည်ပဈေးကွက်တွင် ဝယ်လိုအားရှိသည့် စိန်တစ်လုံး၊ မချစ်စုနှင့် ပတ္တမြားမောက် သရက်မျိုးများကို ရုရှားနှင့် စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံအချို့ကို အလုံးလိုက် နှစ်စဉ်တင်ပို့လျက်ရှိသည်။ပြီးခဲ့သည့် သရက်သီးရာသီတွင် လမ်းကြောင်း အခက်အခဲများကြောင့် အနည်းငယ်သာ တင်ပို့နိုင်ခဲ့ပြီး အရည်အသွေးပေါ် မူတည်ကာ ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရသည်။ သရက်သီးအနှစ်အနေဖြင့် အမျိုးအစားအလိုက် တစ်တန်လျှင် ကျပ် ၁၅ သိန်း ထက်မနည်း ပေါက်ဈေးရှိပြီး ပြည်တွင်းသာမက ပြည်ပတွင်လည်း ဝယ်လိုအားများလျက်ရှိသည်။
လက်ရှိတွင် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီး အနှစ် တန်ချိန် ၁၀ဝ၀ဝ တင်သွင်းရန် အသိပေးထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ကိုတိုး
