ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း စပါးစိုက်ပျိုးလျက်ရှိသော တောင်သူများမှာ ကောက်ညှင်းစပါးကို ထည့်သွင်းစိုက်ပျိုးလျက်ရှိသည်။ ၂၀၂၄ ခုနှစ်မှစတင်၍ ကောက်ညှင်းဈေးနှုန်းမှာ ဈေးကောင်းရရှိသည့်အတွက် ယခုနှစ် တွင်လည်း ကောက်ညှင်းကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
၂၀၂၄ ခုနှစ်တွင် မိုးကောက်ညှင်းစပါးဈေးကွက်မှာ စတင် ဝင်ရောက်ချိန် ဖြစ်သည့် အောက်တိုဘာလတွင် ကောက်ညှင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၄၅ သိန်းဝန်းကျင်ဈေးနှုန်းရရှိပြီး နိုဝင်ဘာလကုန် ကောက်ညှင်းရာသီပြီးဆုံးသွား ချိန်တွင် ကျပ်သိန်း ၃၀ ခန့် ဈေးနှုန်းရရှိခဲ့သည်။ မိုးကောက်ညှင်းစပါး တစ်ဧက ကုန်ကျစရိတ် ကျပ် ရှစ်သိန်းဝန်းကျင်ရှိ၍ ကောက်ညှင်းမှာ တစ်ဧကလျှင် တင်း ၅၀ မှ ၇၀ အတွင်းထွက်ရှိပြီး တစ်ဧကလျှင် ကျပ် ခုနစ်သိန်းမှ ၁၅ သိန်းဝန်းကျင် အကျိုးအမြတ်ရရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် မိုးကောက်ညှင်းစပါး ဈေးကွက်ဝင်ရောက်လာသည့် အောက်တိုဘာလ ကောက်ညှင်းစပါးဈေးနှုန်းမှာ တင်း ၁၀ဝ လျှင် ကျပ် ၃၈ သိန်း ဝန်းကျင်ရရှိပြီး နိုဝင်ဘာလ နောက်ဆုံးပတ် ဈေးနှုန်းမှာ ကျပ် ၂၆-၂၇ သိန်း ဈေး နှုန်းရရှိခဲ့သည်။ ယခုလက်ရှိ ဈေးနှုန်းအနေဖြင့် ကောက်ညှင်းစပါး တစ်ဧကကို ကျပ်ငါးသိန်းမှ ၁၁ သိန်းဝန်းကျင် အကျိုးအမြတ်ရရှိသည်။
ပုသိမ်မြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော ကောက်ညှင်း အမျိုးအစားများမှာ မှော်ဘီကောက်ညှင်း၊ လာအိုကောက်ညှင်း၊ ကောက်ညှင်းအရင်၊ ကောက်ညှင်း အသွယ်မျိုးတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံး နေသော မုန့်ပဲသရေစာအများစုတွင် မပါမဖြစ် ပါဝင်နေသော ကောက်ညှင်းကို ယခု ဆောင်းစပါးရာသီတွင် ပုသိမ်မြို့နယ်အတွင်းရှိ ကြက်ပေါင်၊ စာဖြူစု၊ ရေ မနေ၊ ရေအိုးစင်၊ တလိုင်းချောင်းကုန်း၊ ဥတို၊ ဆယ်ပင်ကြီး၊ ဆယ်ပင်လေး၊ ခရမ်း ငူကျေးရွာနှင့် အခြားကျေးရွာများတွင်လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဧရာမြေ (ပုသိမ်)
