ဥရောပသမဂ္ဂ (EU) ၏ စာရင်းအင်းဌာနဖြစ်သော Eurostat မှ နောက်ဆုံးရရှိသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း EU ၏ အထည်ချုပ် RMG တင်သွင်းမှုဈေးကွက်သည် ၂၄ဒသမ၅၆ ရာခိုင်နှုန်း အထိ တိုးတက်းခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဥရောပဈေးကွက်သို့ အထည် ချုပ် တင်ပို့မှု တန်ဖိုးမှာ ၂၀၂၁ ခုနှစ်တွင် ယူရို ၁၄ ဒသမ ၃၀ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယူရို ၁၉ ဒသမ ၄၁ ဘီလီယံ အထိ တိုးတက်လာခဲ့သည်။ ၎င်းသည် ငါးနှစ်အတွင်း ၃၅ ဒသမ ၈၁ ရာခိုင်နှုန်း တိုးတက်လာခြင်းကို ကိုယ်စားပြုသည်။ အလားတူကာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်မှာ ၂၁ ဒသမ ၄၈ ရာခိုင်နှုန်း (ယူရို ၂၁ဒသမ၈၈ ဘီလီယံမှ ၂၆ ဒသမ ၅၈ ဘီလီယံသို့) တိုးတက်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံသည် ၃၃ ဒသမ ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တူရကီနိုင်ငံ၏ ပို့ကုန်မှာမူ ၉ ဒသမ ၄၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း EU ၏ အထည်ချုပ် တင်သွင်းမှုမှာ ၂ ဒသမ ၁၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။ ဤသို့ အနည်းငယ်သာ တိုးတက်ရခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု၊ စားသုံးသူများ၏ ယုံကြည်မှုကျဆင်းခြင်း နှင့် ဥရောပ၏ စီးပွားရေးနှေးကွေးခြင်းတို့ကြောင့်ဖြစ်သည်။ ထိုသို့သော အခက်အခဲများကြားတွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် ၅ဒသမ၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံသည် ၁ ဒသမ ၁၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကာ တူကီယဲနိုင်ငံ၏ ပို့ကုန်မှာမူ ၁၀ ဒသမ ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ ကြောင်း သိရသည်။
ဤအချက်က ဈေးကွက်နှေးကွေးနေသော်လည်း ဘင်္ဂလားဒေ့ရှ်၏ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းလာ ကြောင်း ပြသနေခြင်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများ အနက် ကမ္ဘောဒီးယားနိုင်ငံမှာ ငါးနှစ်အတွင်း ၈၈ ရာခိုင်နှုန်း ကျော်ဖြင့် ထူးခြားစွာ တိုးတက်ခဲ့သည်။ အလားတူ ဗီယက်နမ် နှင့် ပါကစ္စတန်နိုင်ငံများသည်လည်း တိုးတက်လာခဲ့သည်။ သို့သော်လည်း ဈေးကွက်ဝေစု အကြီးအကျယ် ရယူနိုင်မှုအရ ဘင်္ဂလားဒေ့ရှ်သည် ဒုတိယအကြီးဆုံး တင်ပို့သူအဖြစ် တည်ရှိ နေဆဲဖြစ်ကြောင်း သိရသည်။
Source : Dhakatribune
ဟန်ကိုကျော်၊DOCA(ရန်ကုန်)
