Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း သင်္ကြန်လွန်ကာလ ရော်ဘာဈေးကွက် ဈေးနှုန်းမြင့်တက်လျက်ရှိ

Tue, 05/12/2026 - 14:33 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်အပြင် နှစ်ရှည်သီးနှံအုပ်စုတွင် စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာကိုလည်း ပုသိမ်မြို့နယ်၊ ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းကားလမ်းဘေး ကျေးရွာများနှင့် ငပုတော၊  လပွတ္တာ၊ မြောင်းမြ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ် အပါအဝင် တိုင်းအတွင်း စုစုပေါင်း စိုက်ဧက ၃၆၂၇၅ ကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရော်ဘာစိုက်ပျိုးသူများအနေဖြင့် အောက်တိုဘာလမှစတင်၍ အစေးခြစ်ပြီး မိုးမကျမီ မေလအထိ အစေးခြစ်လျက်ရှိကြောင်း၊ အေးသောအချိန်အစေးပို၍ထွက်ရှိရာ ရော်ဘာအစေးခြစ်သော အချိန်မှာ ည ၁၂ နာရီဝန်းကျင်နှင့် နံနက် ၄ နာရီခွဲ ၅ နာရီအထိအစေးခြစ်ယူပြီး ရရှိလာသော ရော်ဘာစေးကို အက်စစ်နှင့်အအေးခံကာ ခွက်နှင့်ပုံသွင်း၍ စက်ဖြင့်ကြိတ်ကာ ၃ ပေါင်ခွဲ၊ ၄ပေါင်ခန့်ရှိသော ရော်ဘာပြားများကို ၃၊ ၄ရက်ခန့် နေလှန်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ရော်ဘာစိုက်ပျိုးသော တောင်သူများထံမှသိရသည်။
ဈေးကွက်တွင် ရော်ဘာကိုGrade 1, 2, 3 ခွဲကာဝယ်ယူမှုရှိပြီး ပုသိမ်မြို့နယ်မှ ထွက်ရှိသော ရော်ဘာကုန်ကြမ်းများကို ရန်ကုန်ကုမ္ပဏီသို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုရှိသလို ရန်ကုန်မြို့နှင့်ပဲခူးမြို့များရှိ ပြည်တွင်းရော်ဘာ လုပ်ငန်းရှင်များသို့လည်း ရောင်းချလျက်ရှိကြောင်း သိရသည်၊ ပြည်တွင်းရှိ ရော်ဘာစက်ရုံများမှ ထုတ်လုပ်ထားသော ကားတာယာ၊ စက်ဘီးတာယာ၊ ဓာတ်ကြိုး၊ ဝါယာကြိုး၊ သားရေဖိနပ်၊ လက်အိတ်၊ သားရေကွင်းနှင့် အခြားအမယ်များကိုလည်းပြုလုပ်ရောင်းချလျက်ရှိပြီး အစေးစတင်ခြစ်သောအချိန် အောက်တိုဘာလ ရော်ဘာတစ်ပေါင် ဈေးနှုန်းမှာ ကျပ် ၂၅၀ဝ-၂၆၀ဝ ဈေးနှုန်းသာရှိသော်လည်း ဧပြီလနောက်ဆုံးပတ်တွင် ရော်ဘာတစ်ပေါင် ဈေးနှုန်းကျပ် ၂၉၀ဝ-၃၀ဝ၀ ဈေးရရှိပြီး ရော်ဘာတစ်ပေါင်လျှင် ကျပ် ၄၀ဝ ဈေးနှုန်းပိုမိုရရှိသည့်အတွက် ရော်ဘာစိုက်တောင်သူများ  အကျိုးအမြတ်ပိုမိုရရှိကြောင်း ရော်ဘာစိုက်ပျိုးသော တောင်သူများထံမှသိရသည်။                                                                                        

   မင်းမင်းဦး