၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ဗီယက်နမ်နိုင်ငံ၏ နဂါးမောက်သီးတင်ပို့မှုသည် ထိုင်းနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များသို့ အလုံးအရင်းနှင့် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်အလားတူကာလထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၅ သန်းအထိ ရရှိခဲ့သည်။
အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ထိုင်းနိုင်ငံသို့ တင်ပို့မှုသည် ၂ ဒသမ ၇ ဆကျော် မြင့်တက်လာကာ ဒေါ်လာ ၉ ဒသမ ၂ သန်းအထိရှိခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ တင်ပို့မှုမှာလည်း ၅၇ ရာခိုင်နှုန်း မြင့်တက်လာကာ ဒေါ်လာ ၃ ဒသမ ၃ သန်းအထိ ရှိခဲ့သည်။
တရုတ်နိုင်ငံသည် အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ပို့ကုန်တန်ဖိုး စုစုပေါင်း၏ ဒေါ်လာ ၆၆ ဒသမ ၅ သန်း (၅ရာခိုင်နှုန်း တိုးတက်မှု) ကို ပိုင်ဆိုင်ထားသည်။ သို့သော် အမေရိကန်ပြည်ထောင်စုမှ ဝယ်လိုအားမှာမူ ၃၉ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒေါ်လာ ၄ သန်းသာရှိတော့သည်။
ဗီယက်နမ် နဂါးမောက်သီး တင်ပို့မှုသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရရှိခဲ့ဖူးသော်လည်း စား သုံးသူများ၏ အလေ့အထ ပြောင်းလဲလာခြင်းနှင့် ပြိုင်ဆိုင်မှုများကြောင့် နှစ်စဉ် ကျဆင်းလာခဲ့သည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လအတွင်း တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၄၈၅ ဒသမ ၂ သန်းသာရှိခဲ့ပြီး ယင်းသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးစံချိန်ဖြစ်သည်။
ဗီယက်နမ်တွင် နဂါးမောက်သီးကို အဓိကအားဖြင့် မေလမှ စက်တင်ဘာလ အတွင်း ရိတ်သိမ်းလေ့ရှိသော်လည်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ရာသီပြင်ပအဖြစ် စိုက်ပျိုးကြသည်။ စိုက်ပျိုးထုတ်လုပ်သူများ၏အဆိုအရ တောင်သူ အများအပြားသည် ပိုမိုအကျိုးအမြတ်များသော အခြားသီးနှံများသို့ ပြောင်းလဲ စိုက်ပျိုးလာကြသဖြင့် မကြာသေးမီနှစ်များအတွင်း နဂါးမောက်သီး ထွက်ရှိမှု လျော့နည်းလာခဲ့သည်။
ထို့အပြင် နဂါးမောက်သီး အဓိကစိုက်ပျိုးရာ Binh Thuan ပြည်နယ်ရှိ လုပ်ငန်းရှင်များအသင်း၏ အဆိုအရ ယခင်နှစ် နှောင်းပိုင်းက ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် အပင်များတွင် မှိုရောဂါကျရောက်ခဲ့ပြီး အထွက်နှုန်းကို ထိခိုက်စေခဲ့ ကြောင်း သိရသည်။ ထောက်ပံ့မှု နည်းပါးသွားခြင်းကြောင့် ခြံထွက်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
ယခုနှစ် ပထမနှစ်လအတွင်းတွင် အသားဖြူ နဂါးမောက်သီး တစ်ကီလိုလျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ဗီယက်နမ် ဒေါင် (VND) (အမေရိကန်ဒေါ်လာ သုည ဒသမ ၃၈ မှ သုည ဒသမ ၅၇) ကြား ရရှိသည်။ အသားနီ နဂါးမောက်သီး တစ်ကီလို လျှင် ကျပ် ၁၅၀ဝ၀ မှ ၂၅၀ဝ၀ VND ကြား ဈေးရရှိနေကြောင်း သိရသည်။
Source : VN Express
ကျော်မြင့်ဦး၊ DOCA(ရန်ကုန်)
