Main menu

Background

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၆ သို့ ကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Thu, 07/09/2026 - 15:46 -- journal_editor

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၂/၂၀၂၆) ကို ဇွန် ၃၀ ရက် နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်-၅၂၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်  ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် (၃၂) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့Chatrium Hotel Royal Lake တွင် ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ကြောင်း၊ ပြည်သူများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်း မြင့်မားလာစေရေးနှင့် ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးသည်  နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကကျသော ကဏ္ဍဖြစ်သည့်အတွက်  ကျန်းမာရေးဝန်ဆောင်မှုများကို စားသုံးသူကာကွယ် ရေးလုပ်ငန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၆-၂၀၃၀ ပြည့် နှစ်) အထိ ငါးနှစ်ကာလအတွက် အဓိကလုပ်ငန်းစဉ် (၆) ရပ်ဖြင့် ရေးဆွဲထားသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ စားသုံးသူ တိုင်ကြားမှု ၁၉၇ မှုအနက် ဖြေရှင်းပြီးစီးမှု ၁၄၉ မှုဖြစ်ပြီး ဖြေရှင်းရန် ၄၈ မှု ကျန်ရှိနေသည့်အတွက် အမှုများကို ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ဥပဒေနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စစ်ဆေးရေးအရာရှိ ၅၈၉ ဦးကို ခန့်အပ်ထားပြီးဖြစ်‌ကြောင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်များ  ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ပေးရေးလုပ် ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပိုမိုကောင်းမွန်သည့်ထုတ်ကုန် များကို သတ်မှတ်ချက် များနှင့်အညီ  ပိုမိုမြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့်  ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ 
ထို့နောက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကော်မရှင်က အဆုံးအဖြတ်ပေးရမည့် အမှာစာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၂/၂၀၂၆) သို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ နေပြည် တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 

MOC (IR)