Main menu

Background

ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်နှင့် မိုးနှမ်း၊ မိုးပဲတီစိမ်း ဈေးကွက်

Mon, 08/10/2026 - 11:01 -- journal_editor

မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဒေသတွင်းဆီစက်များမှ ဒေသတွင်းဆီစားသုံးမှုနှင့် တိရစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ကြိတ်ခွဲထုတ်လုပ်ကြကြောင်း၊ ထွက်ရှိလာသော ဆီကြိတ်ဖတ်များကို ဒေသတွင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်များအပြင် မန္တလေးမြို့ တိရစ္ဆာန်အစာတောင့် စက်ရုံများမှလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ဇူလိုင်လစတုတ္ထပတ် မိတ္ထီလာဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲဖတ်နှမ်းဖတ် ဈေးနှုန်းများမှာ ပဲဖတ် တစ်ပိဿာလျှင် ကျပ် ၇၄၀ဝ၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၅၄၀ဝ-၅၅၀ဝ၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် တိရစ္ဆာန်အစာဈေးကွက်တွင် ပဲပုတ်ဖတ်များဝင်ရောက်လာ၍ ပဲဖတ်တစ်ပိဿာလျှင် ကျပ် ၂၀ဝ ခန့် ဈေးနှုန်းကျဆင်းလာကြောင်း၊ နှမ်းဖတ်နှင့်နေကြာဖတ် ဈေးနှုန်းများမှာ အရောင်းအဝယ်အေး၍ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။
မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို  မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် စိုက်ပျိုးကြပြီး ဇူလိုင်လစတုတ္ထပတ်တွင် မိုးနှမ်းများစတင်ပေါ်၍  မိတ္ထီလာမြို့ပေါ် ပွဲရုံများ၌ တစ်ပတ်လျှင် အိတ် ၅၀ခန့် ဝင်ရောက်လျက်ရှိပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရာသီလှိုင်လှိုင်ပေါ်ချိန်တွင် ဒေသတွင်းဆီကြိတ်စက်များအပြင် မန္တလေးသို့ တင်ပို့ရောင်းချရကြောင်း သိရ သည်။
ဇူလိုင်လစတုတ္ထပတ်တွင် နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ကုန်ချောရောင်း အားကောင်း၍ ကုန်ကြမ်းအဝယ်လိုက်လာခြင်း၊ ဈေးကွက်အတွင်းကုန်ကြမ်းအဝင်နည်းခြင်းတို့ကြောင့်ဖြစ်သည်ဟု ဒေသတွင်းဆီကြိတ်စက်များမှ သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ်သည့် ပဲတီစိမ်းကို မိတ္ထီလာမြို့နယ်ရှိ   ခြောက်ပင်၊  အင်လူး၊ မောက်လောက်၊  ရှမ်းရွာ၊ တောကင်း၊ ဇီးပင်တွင်းကျေးရွာများ၌ အများဆုံး စိုက်ပျိုးကြကြောင်း၊ မိတ္ထီလာမြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင်  အိတ် ၃၅၀ ခန့်  ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မိုးပဲတီစိမ်းကို မေလဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး ဇူလိုင်လ ဒုတိယပတ် မိုးပဲတီစိမ်းများ စတင်ပေါ်လာခဲ့ရာ ဇူလိုင်လ စတုတ္ထပတ်တွင် မိတ္ထီလာမြို့ပွဲရုံများ၌ မိုးပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်အပတ်နှင့်ကာလတူ နှိုင်းယှဉ်လျှင်  မိုးပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၅၀ဝ၀ ခန့် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း  ပဲတီစိမ်းအဝင်များလာပြီး ပြည်ပဝယ်လတ်များမှ ဝယ်လို အားနည်းခြင်းကြောင့်ဖြစ်သည်ဟု သီးနှံမျိုးစုံ ပွဲရုံများမှသိရသည်။  

MDYDOCA
မြို့ရီ (မိတ္ထီလာ)