Main menu

Background

အပြောင်းအလဲများကြားက ကမ္ဘာ့ကုန်သွယ်ရေးအနာဂတ်အား ရှုမြင်ခြင်း

Thu, 08/13/2026 - 11:18 -- journal_editor

စိတ်ဝင်စားဖွယ် အပြောင်းအလဲများ
ယနေ့ခေတ်ကာလတွင် ကုန်သွယ်မှုအတွက် အဓိကကျသော ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Supply Chains) အပြောင်းအလဲများ မြန်ဆန်စွာဖြစ်ပေါ်လာသည်။ ‌ဉာဏ်ရည်တု(AI)  နည်းပညာများ တစ်ဟုန်ထိုးတိုးတက်လာပြီး ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုပုံစံများလည်း များစွာပြောင်းလဲလာသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ပထဝီနိုင်ငံရေးတင်းမာမှုများလည်း ပိုမိုမြင့်တက်လာကာ ကုန်သွယ်ဆက်ဆံမှုများလည်း ပြောင်းလဲလာသည်။ အဆိုပါအခြေအနေ များသည် နေ့စဉ်လူမှုစီးပွားဘဝနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းများအပေါ် လွှမ်းမိုးမှုများစွာရှိနေသည်။     
နည်းပညာအသစ်များ၏ တွန်းအားကြောင့် ကုန်စည်များ နယ်စပ်ဖြတ်ကျော်သယ်ယူမှုပုံစံနှင့် ဝန်ဆောင်မှုများပေးအပ်မှုပုံစံတို့သည် ယခင်ကထက် သိသိသာသာမြန်ဆန်လာပြီး ယင်းအပြောင်းအလဲများက"ကမ္ဘာ့ကုန်သွယ်ရေး၏ အနာဂတ်သည်  မည်သည့်အခင်းအကျင်းဆီသို့ ဦးတည်ရွေ့လျားနေသနည်း" ဆိုသည့်မေးခွန်းကိုဖြစ်ပေါ်စေကာ သုတေသီများအကြားတွင် စိတ်ဝင်တစားဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်လာစေသည်။
သတင်းမီဒီယာဖော်ပြချက်များနှင့် လက်တွေ့မြေပြင် အခြေအနေကွာခြားမှု
နိုင်ငံတကာသတင်းစာမျက်နှာများနှင့် မီဒီယာများတွင် ကမ္ဘာ့စီးပွားရေးစနစ်သည် အစိတ်စိတ်အမြွှာမြွှာကွဲထွက်လာနေကာ နိုင်ငံအချင်းချင်းအကြား ကုန်သွယ်ရေးအတားအဆီးများနှင့် ပိတ်ဆို့မှုများပိုမိုများပြားလာကြောင်းဖော်ပြချက်ကို မကြာခဏဖတ်ရှုရသည်။ မှန်းဆချက်များကိုဘေးဖယ်၍ ခိုင်မာသည့်ကိန်းဂဏန်းအချက်အလက်များနှင့် အမှန်တကယ်ဖြစ်ပျက်နေသောမြေပြင်စီးပွားရေးအခြေအနေများကို စနစ်တကျလေ့လာကြည့်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးသည် အလွန်အမင်းစိုးရိမ်ရသည့်အခြေအနေမဟုတ်ဘဲ ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေကို ပြန်လည်သုံးသပ်ကြည့်လျှင် မျှော်လင့်ထားသည်ထက် ပိုမိုခံနိုင်ရည်ရှိကြောင်း လက်တွေ့သက်သေပြနိုင်ခဲ့သည်။ တရားဝင်အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေးသည် ၄ ဒသမ ၇ ရာခိုင်နှုန်းခန့်အထိ အားကောင်းစွာတိုးတက်ခဲ့သည်ကိုတွေ့ရှိရသည်။ ဤတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းဖြစ်သော ၂ ဒသမ ၉ ရာခိုင် နှုန်းနှင့်နှိုင်းယှဉ်ပါက နှစ်ဆနီးပါး ပိုမိုမြင့်မားနေလျက်ရှိပြီး  အထူးသဖြင့် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုပမာဏ (Merch-andise Trade) သည် ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ အံ့အားသင့်ဖွယ်တိုးတက်ခဲ့ရာ ယင်းသည် ပညာရှင်များ၏မူလခန့်မှန်းချက်များထက် နှစ်ဆနီးပါး ပိုမိုမြင့်မားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာကြီး၏မရေရာမှုအခြေအနေများကြောင့် လက်ရှိ ၂၀၂၆ ခုနှစ်တွင် ကုန်သွယ်မှုတိုးတက်မှုနှုန်းသည် ယာယီအားဖြင့် အနည်းငယ်နှေးကွေးနိုင်သည့် အလားအလာရှိသော်လည်း လာမည့် ၂၀၂၇ ခုနှစ်တွင်မူ ကုန်သွယ်မှုကဏ္ဍမှာ ပြန်လည်ဦးမော့လာမည်ဟု ပညာရှင်များက သုံးသပ်ထားကြသည်။ပထဝီနိုင်ငံရေးတင်းမာမှုများရှိနေသည့်တိုင် မြေပြင်တွင် ကမ္ဘာ့ကုန်သွယ်ရေးသည်ခိုင်မာအားကောင်းစွာဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ကိန်းဂဏန်း များက ခိုင်ခိုင်မာမာသက်သေထူနေသည်။
ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ထိန်းညှိပေးနေသည့် အဓိကယန္တရားကမ္ဘာ့ကုန်သွယ်ရေးစနစ် တည်ငြိမ်ချောမွေ့စေရန် နောက်ကွယ်မှ ပံ့ပိုးထိန်းကျောင်းပေးနေသောအဖွဲ့အစည်းမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဖြစ်သည်။WTO သည် လုံးဝပြီးပြည့်စုံသော နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုမဟုတ်သော်လည်း စိန်ခေါ်မှုများကြားမှ ကမ္ဘာ့ကုန်သွယ်ရေးကိုတည်ငြိမ်မှုရှိစေရန် အတတ်နိုင်ဆုံးထိ WTOန်းကျောင်းပေးလျက်ရှိသည်။ ခေတ်ပြောင်းစနစ်ပြောင်းကာလများတွင် အချို့သော ဝေဖန်ရေးသမားများက WTO သည် ခေတ်မမီ တော့ဘဲ သြဇာကျဆင်းလျက်ရှိသည်ဟု ကောက်ချက်ချလေ့ရှိသည်။ လက်တွေ့အခြေအနေတွင် WTO ၌ အဖွဲ့ဝင် ၁၆၆ နိုင်ငံရှိနေသည့်အပြင် အခြားနိုင်ငံပေါင်း ၂၀ ကျော်ကလည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ဆက်လက်ကြိုးပမ်းနေကြဆဲဖြစ်သည်။ ထို့အပြင်WTO၏ သမိုင်း၌ အဖွဲ့ဝင်အဖြစ်မှ  နုတ်ထွက်သည့်ဖြစ်စဉ်တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း လေ့လာတွေ့ရှိရသည်။
ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေး၏ ၇၂ ရာခိုင်နှုန်းကျော်သည် WTO ၏ အခြေခံစည်းမျဉ်းများအောက်တွင်သာ လည်ပတ်နေခြင်းဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် မရှိမဖြစ် အရေးပါသော ပွင့်လင်းမြင်သာခြင်းနှင့်ခန့်မှန်းရလွယ်ကူခြင်းစသော အကျိုးကျေးဇူးများကို အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ဆဲဖြစ်သည်။ ယနေ့ကျင့်သုံးသည့်  အကောက်ခွန်နှုန်းထားများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများမှာ မနက်ဖြန်တွင် ရုတ်တရက် ပြောင်းလဲသွားနိုင်ခြင်းမရှိဟု ယုံကြည်ချက်ရှိမှသာ လုပ်ငန်းရှင်များသည် ရေရှည် ရင်းနှီးမြှုပ်နှံမှုများကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲများ ဖြစ်ပွားသည့် အချိန်မျိုးတွင်သာ WTO အဖွဲ့ကြီးကို အများစုကသတိထားမိတတ်ကြသည်။  WTO ၏ နေ့စဉ်လုပ်ငန်းစဉ်များနှင့် ကော်မတီအဆင့်ဆွေးနွေးပွဲများမှတစ်ဆင့်  ကမ္ဘာ့ကုန်သွယ်ရေး ယန္တရားကြီး မပြတ်တောက်စေရန် ထိန်းကျောင်းပေးနေခြင်းကို လူသိနည်းလှသည်။ အဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေပိုင်းဆိုင်ရာစံနှုန်းများ သို့မဟုတ် အကောက်ခွန်ဆိုင်ရာ ကန့်သတ်ချက်များနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိလာပါက ပဋိပက္ခများ ဆင်နွှဲမည့်အစား WTO ၏ ကော်မတီများတွင် ဦးစွာညှိနှိုင်းဆွေးနွေးလေ့ရှိကြသည်။ တရားဝင်တင်ပြလာသော ကုန်သွယ်ရေးဆိုင်ရာပြဿနာများနှင့် အငြင်းပွားမှုများ၏  ၅၀ ရာခိုင်နှုန်းမှာ အဆိုပါညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ပြေလည်သွားလေ့ရှိသဖြင့် နိုင်ငံတကာ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားနိုင်သည့် အန္တရာယ်များကို တိတ်တဆိတ် ရှောင်လွှဲပေးနိုင်ခဲ့သည်။
အကျပ်အတည်းကာလများနှင့် မူဝါဒအပြောင်းအလဲ                                                                                                                                                                                                                                                    ကိုဗစ်-၁၉ကပ်ရောဂါကာလကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းဖြစ်ပေါ်သည့်အချိန်များတွင် နိုင်ငံတကာကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့နေခြင်းသည် လူသားတို့၏ရှင်သန်မှုအတွက်မည်မျှအရေးပါကြောင်း ပိုမိုထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလကုန်ပိုင်းကဖြစ်ပေါ်ခဲ့သော ဟော်မုဇ်ရေလက်ကြား တင်းမာမှုများကြောင့်ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်ရေး စိုးရိမ်ရေမှတ်မြင့်တက်နေချိန်တွင်လည်း ခေတ်မီသတင်းအချက်အလက်နည်းပညာများကို အသုံးပြု၍ သင်္ဘောများနှင့် ကုန်စည်စီးဆင်းမှုများကို WTO က စောင့်ကြည့်လေ့လာခဲ့သည်။ ဤနေရာတွင် ထူးခြားသော မြေပြင်အခြေအနေ ပြောင်းလဲမှုကိုတွေ့ရှိရသည်။ ယခင်က အကျပ်အတည်းသို့မဟုတ် ကမ္ဘာ့ပဋိပက္ခများ ဖြစ်ပွားပါက နိုင်ငံများသည် မိမိတို့ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန်အတွက် ကုန်သွယ်မှုကိုပိတ်ပင်ကန့်သတ်ရန် ကြိုးစားလေ့ရှိသော်လည်း ယခုအခါ WTO သို့ အသိပေးထားသည့် ကုန်သွယ်မှုအစီအမံ ၇၈ ခုကို လေ့လာကြည့်ရာတွင် ၇၀ ရာခိုင်နှုန်းခန့်သည် ကုန်သွယ်မှုကို ပိုမိုလွယ်ကူစေရန် ဖြေလျှော့ပေးမှုများ (Trade Facilitation) ဖြစ်နေသည်ကို တွေ့ရှိရသည်။
အကျပ်အတည်းကာလအတွင်း၌ ျွှွှဥ အဖွဲ့ဝင်နိုင်ငံများသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊  စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာနှင့် အခြေခံစားနပ်ရိက္ခာများ ကမ္ဘာ့ဈေးကွက်အတွင်း ပြတ်တောက်မှုမရှိစေရန် အထူးဂရုပြုလာကြသည်။ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်အတွက် သက်ဆိုင်ရာအကောက်ခွန်လုပ်ငန်းစဉ်များကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ပိုမိုရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ပြောင်းလဲလာကြသည်။
ဉာဏ်ရည်တု(Ai) လှိုင်း၏ ကမ္ဘာ့ကုန်သွယ်ရေးမောင်းနှင်အား
WTO က ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအလားအလာနှင့် စာရင်းအင်းများဆိုင်ရာ အစီရင်ခံစာ (Global Trade Outlook and Statistics 2026)  အရ ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်ရေး၏လားရာအပေါ် သိသိသာသာ လွှမ်းမိုးနေသည့် အဓိကအင်အားစုကြီးတစ်ခုရှိနေသည်။ ယင်းမှာ ဒစ်ဂျစ်တယ်လှိုင်းကို အရှိန်အဟုန်မြှင့်ပေးနေသည့် Ai နည်းပညာကဏ္ဍတွင် ထူးထူးခြားခြား တိုးမြှင့်ရင်းနှီးမြှုပ်နှံလာမှုပင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအားကောင်းစေခဲ့သည့် သွင်းကုန်ကြိုတင်စုဆောင်းမှု  (Frontloading) ကဲ့သို့သော ရေတိုတွန်းအားများမှာ ယခုနှစ်တွင်လျော့နည်းသွားပြီဖြစ်သော်လည်း ဒစ်ဂျစ်တယ်လှိုင်းကို အရှိန်မြှင့်ပေးနေသည့် Ai သုံးစွဲမှုရုတ်တရက် မြင့်မားလာခြင်းက ကမ္ဘာ့ကုန်သွယ်ရေးကို နောက်ကွယ်မှထပ်ဆင့် ပင့်တင်ပေးနေသကဲ့သို့ဖြစ်နေသည်။
Aiအတွက် ဒေတာစင်တာများ၊ အဆင့်မြင့် Microprocessorsနှင့် ဆီမီးကွန်ဒက်တာများအပေါ် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုသိသာစွာမြင့်တက်ခဲ့သည်။ Ai နှင့်ဆက်စပ်နေသော အဆိုပါကုန်စည်များသည် ကမ္ဘာ့စုစုပေါင်းကုန်သွယ်မှု၏ ၆ ပုံ ၁ ပုံမျှသာရှိသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုတစ်ခုလုံး၏ ထက်ဝက်နီးပါးကို တွန်းအားပေးနိုင်ခဲ့သည်အထိ အစွမ်းထက်ခဲ့သည်။ အဆိုပါတိုးတက်ပြောင်းလဲမှုဖြစ်စဉ်ကြီးတွင် အာရှဒေသသည် ကမ္ဘာ့ကုန်သွယ်ရေး တိုးတက်မှု၏ ၇၁ ရာခိုင်နှုန်းအထိပံ့ပိုးပေးကာ အဓိကမောင်းနှင်အားဖြစ်ခဲ့ပြီး တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ကရှေ့တန်းမှ ဦးဆောင်ခဲ့ကြသည်။ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်စနစ် ကို အခြေခံသောဝန်ဆောင်မှုများမှာ  ဆက်လက်အားကောင်း နေခဲ့သည်။                                                  

(ဆက်လက်ဖော်ပြပါမည်။)

ညီညီအောင်( WTO)