ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်ခရိုင်သည် မြန်မာနိုင်ငံ၏ အဓိကစပါးစိုက်ပျိုးထုတ်လုပ်ရာဒေသတစ်ခုဖြစ်ပြီး စပါးနှင့် ပဲမျိုးစုံကို ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
မြေသြဇာကောင်းမွန်ခြင်း၊ ရေအရင်းအမြစ်လုံလောက်ခြင်းနှင့် တောင်သူများ၏ စိုက်ပျိုးရေးအတွေ့အကြုံများကြောင့် နှစ်စဉ်အရည်အသွေးကောင်းမွန်သည့် စပါးများ ထွက်ရှိလျက်ရှိသည်။
မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်များတွင် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားသည့် ဆန်စက် ၁၁၆ လုံး လည်ပတ်လျက်ရှိပြီး ထွက်ရှိလာသည့်စပါးကို အရည်အသွေးမြင့်ဆန်များအဖြစ် ကြိတ်ခွဲထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။
ထို့ပြင် အရည်အသွေးမြင့်ဆန်ထုတ်လုပ်နိုင်ရေးအတွက် မျိုးစပါးများကို တောင်သူများက စိုက်ပျိုးရေးဦးစီးဌာနမှဝယ်ယူပြီးစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနည်းပညာများကို စနစ်တကျလိုက်နာကျင့်သုံးခြင်း၊ ရိတ်သိမ်းပြီးနောက် စပါးကို စနစ် တကျ ကိုင်တွယ်သိုလှောင်ခြင်းနှင့်ခေတ်မီ ကြိတ်ခွဲစက်များဖြင့် ထုတ်လုပ်ခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်များ၌ ၂၀၂၅-၂၀၂၆ ခုနှစ်ထွက် မိုး/နွေစပါး၊ ဆန်နှင့် မတ်ပဲဈေးကွက်မှာ လက်ရှိဈေးကွက်အတွင်း ကုန်စည်များလုံလောက်စွာရှိပြီး အရောင်းအဝယ်များပုံမှန်ဖြစ်ပေါ်လျက်ရှိသဖြင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရ သည်။
စပါးဈေးနှုန်းများမှာ ၂၀၂၆ ခုနှစ် သြဂုတ်လကုန်ပိုင်းက ၄၆ ပေါင် စပါးတင်း ၁၀ဝ လျှင် ပေါ်ဆန်းစပါး ကျပ် ၃၀၃၆၀ဝ၀ ဝန်းကျင်၊ ဧည့်မထ(မိုး) ကျပ် ၂၀၂၄၀ဝ၀ မှ ၂၀၅၁၆၀ဝ ဧည့်မထ(နွေ) ကျပ် ၁၉၇၈၀ဝ၀ မှ ၂၀၃၃၂၀ဝ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
အလားတူ (၁၀၈)ပေါင် ဆန်တစ်အိတ် ဈေးနှုန်းများမှာ ပေါ်ဆန်းဆန် ကျပ် ၁၅၆၀ဝ၀ မှ ၁၅၇၅၀ဝ၊ ဧည့်မထ(မိုး)လတ်စကျပ် ၈၅၀ဝ၀ မှ ၈၆၅၀ဝ နှင့် ဧည့်မထ(နွေ)လတ်စ ကျပ် ၇၅၀ဝ၀ မှ ၇၆၅၀ဝ ဖြင့် ဈေးတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
မသဇင် (မအူပင်)
