ပြည်တွင်းအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ သောကဏ္ဍတစ်ရပ်ဖြစ်သည်။ MSME လုပ်ငန်းများမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ပြည်တွင်းစီးပွားရေးလည်ပတ်မှုကို အထောက်အကူပြုနိုင်ခြင်း၊ ဒေသထွက်ကုန်များဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်လာစေခြင်းနှင် အောင်မြင်သော လုပ်ငန်းများအနေဖြင့် အကြီးစားလုပ်ငန်းများအဖြစ် တိုးချဲ့နိုင်ခြင်းတို့အပြင် နိုင်ငံတော်အတွက် အခွန်ဝင်ငွေများရရှိစေနိုင်သည့် အခွင့်အလမ်းများလည်းရှိသည်။
နိုင်ငံတော်အနေဖြင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်နည်းပညာ၊ သင်တန်းနှင့် အခြားပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ယင်းသို့MSMEလုပ်ငန်းများအနက် သဘာဝကုန်ကြမ်းများကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ ရွှေညောင်ပင်လမ်းရှိ အလတ်စားလုပ်ငန်းဖြစ်သည့် သဘာဝလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလိုသည်။
သဘာဝလူသုံးကုန် ပစ္စည်းဖြစ်သည့် တရော်ကင်ပွန်း ခေါင်း လျှော်ရည်လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ခုနှစ်မှ စတင်တည်ထောင် လုပ်ကိုင်ခဲ့သည်။ သဘာဝ တရော်ကင်ပွန်းခေါင်းလျှော်ရည်၊ ရှား စောင်းလက်ပပ်မျက်နှာသစ်ဆပ်ပြာခဲ၊ ရှားစောင်းလက်ပပ်ရေချိုးဆပ်ပြာ၊ မန်ကျည်းဆပ်ပြာခဲ၊ ဆိတ်နို့ဆပ်ပြာခဲ စသည့် လူသုံးကုန် ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်။
ယနေ့ဈေးကွက်အတွင်း ဓာတုပစ္စည်းများပါဝင်သည့် လူသုံးကုန်ပစ္စည်းများအများအပြားရှိနေသည့်အတွက် သဘာဝကုန်ကြမ်းများကို အခြေခံအသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ပြီးလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာနည်းလမ်းများကို အခြေခံ၍ တရော်ကင်ပွန်း ခေါင်းလျှော်ရည်အပြင် ရှားစောင်းလက်ပပ်မျက်နှာသစ်ဆပ်ပြာခဲ၊ ရှားစောင်းလက်ပပ်ရေချိုးဆပ်ပြာ၊ မန်ကျည်းဆပ်ပြာခဲနှင့် ဆိတ်နို့ဆပ်ပြာခဲစသည့်ထုတ်ကုန်များကို ဈေးကွက်တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာနှင့် မျက်နှာသစ်ဆပ်ပြာများကို တရော်ပင်၊ ကင်ပွန်းသီး၊ ရှားစောင်းလက်ပပ်၊ ထောလပတ်ရွက်၊ ကြိတ်မှန်ရွက်၊ ကန်စွန်းရိုးနီ၊ တောရှောက်သီး၊ ပိတောက်ရွက်၊ မာလကာရွက်၊ တမာရွက်စသည့် သဘာဝအပင်များနှင့် အခြားကုန်ကြမ်းများဖြစ်သည့် ဗီတာမင်၊ ပျားရည်တို့ကို အခြေခံ၍ထုတ်လုပ်ထားခြင်းဖြစ်သည်။
တရော်နှင့် ကင်ပွန်းကို မန္တလေးမြို့မှဝယ်ယူပြီး ရှားစောင်း လက်ပပ်၊ ထောလပတ်နှင့် ကြိတ်မှန်ပင်များကို ကိုယ်ပိုင်စိုက်ခင်းတွင် စိုက်ပျိုးထုတ်လုပ်ကြောင်း၊ မန်ကျည်းမှည့်ကိုလည်း ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ ဝယ်ယူရကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းထွက်ရှိသည့် သဘာဝသစ်သီသစ်ရွက်ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့်ဒေသထွက်ကုန်များ၏တန်ဖိုးမြှင့်တင်နိုင်ရန် ရည် ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် လိုအပ်သည့်အချို့သောဓာတုပစ္စည်းများနှင့် ထုပ်ပိုးပစ္စည်းများကို ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအပါအဝင် မန္တလေးမြို့မှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရသည်။
ထုတ်ကုန်အမျိုးအမည်သစ်များ ထပ်မံတိုးချဲ့ထုတ်လုပ်ရန် အစီအစဉ်
ထုတ်ကုန်အမျိုးအမည်သစ်များ ဆက်လက်ထုတ်လုပ်ရန် အစီအစဉ်ရှိပြီး ၎င်းထုတ်ကုန်များမှာသဘာဝခေါင်းလိမ်းဆီ၊ ဆံသား နှပ်ဆီ၊ ဆံပင်ပေါင်းဆေး၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်စသည့် လူသုံးကုန်ပစ္စည်းများဖြစ်သည်။ လက်ရှိထုတ်လုပ်နေသော ထုတ်ကုန်များကို မုံရွာမြို့ရှိ စတိုးဆိုင်များနှင့် အခြားကုန်စုံဆိုင်များတွင် ပြသရောင်းချလျက်ရှိသည်။
ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ
ဈေးနှုန်းအနေဖြင့် တရော်ကင်ပွန်းခေါင်းလျှော်ရည် ၅၀ဝ မီလီလီတာ တစ်ဘူးလျှင် ကုန်ကြမ်းမှ ကုန်ချောအထိ ဘူးခွံဖိုးအပါအဝင် ကျပ် ၈၅၀ဝ ခန့် ကုန်ကျပြီး လက်ကားဈေး ကျပ် ၁၀ဝ၀ဝ၊ လက်လီဈေး ကျပ် ၁၁၀ဝ၀ ဖြင့် ရောင်းချသည်။ ရှားစောင်းလက်ပပ် မျက်နှာသစ်ဆပ်ပြာခဲတစ်ခဲလျှင် ကျပ် ၅၀ဝ၀၊ ရှားစောင်းလက် ပပ်ရေချိုးဆပ်ပြာ ၅၀ဝ မီလီလီတာ တစ်ဘူးလျှင် ကျပ် ၈၀ဝ၀၊ မန်ကျည်းဆပ်ပြာခဲတစ်ခဲလျှင်ကျပ် ၅၀ဝ၀ နှင့် ဆိတ်နို့ဆပ်ပြာခဲ ၆၀ ဂရမ် တစ်ခဲလျှင် ကျပ် ၅၀ဝ၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကချင် ပြည်နယ်၊ တနိုင်းမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထို့အပြင် မြန်မာ့ရိုးရာထုတ်ကုန်များကို ဖော်ထုတ်မြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် MSME ပြပွဲများတွင်လည်း စဉ်ဆက်မပြတ်ပါဝင်ပြသ ရောင်းချလျက်ရှိသည်။ အဆိုပါပြပွဲများမှတစ်ဆင့် ထုတ်ကုန် များကို ပိုမိုလူသိများလာစေခြင်း၊ ဈေးကွက်ထိုးဖောက်နိုင်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုများ ရရှိခြင်းနှင့် ဖြန့်ဖြူးရောင်းချနိုင်သည့် အခွင့်အလမ်းများ ရရှိခဲ့သည်။
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှု
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ထို့အပြင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်လုပ်ငန်းအတွက်လိုအပ်သည့် နည်းပညာနှင့် အထောက်အကူပြုစက်ပစ္စည်းများ ငှားရမ်းအသုံးပြုခွင့်များရရှိခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာနမှလည်း ထုတ်ကုန်များတွင် လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် နေရာဒေသမရွေး ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ ထို့အပြင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအဆင့် MSMEပြပွဲများနှင့် ပြိုင်ပွဲများတွင် ထုတ်ကုန်များ ဝင်ရောက်ပြသနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည့်အတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူရရှိခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (မုံရွာ)
