ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် အဖိုးတန်သတ္တုများနှင့် စက်မှုကုန်ကြမ်းသတ္တုများအလွန်ကြွယ်ဝသောဒေသတစ်ခုဖြစ်ပြီး သတ္တုလုပ်ကွက်များမှထွက်ရှိသောခနောက်စိမ်း၊ မဂ္ဂနီဒိုင်အောက်ဆိုဒ်၊LEAD Sulphide၊ Copper Metal စသည့်သတ္တုရိုင်းများကို ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိသည်။ ခနောက်စိမ်း၊ မဂ္ဂနီဒိုင်အောက်ဆိုဒ်၊LEAD Sulphide ၊ Copper Metalတို့သည် စက်မှုလုပ်ငန်းများနှင့် ကမ္ဘာ့နည်းပညာကဏ္ဍတွင် မရှိမဖြစ်အရေးပါသော ကုန်ကြမ်းများဖြစ်သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် မဂ္ဂနီဒိုင်အောက်ဆိုဒ်အဓိကထွက်ရှိပြီး သတ္တုတွင်းနည်းဥပဒေအသစ်ထွက်ရှိလာသည့်အချိန်တွင် အသေးစားလုပ်ကွက်မှအလတ်စားလုပ် ကွက်သို့ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။
မဂ္ဂနီဒိုင်အောက်ဆိုဒ်သည် စက်မှုတွင်းထွက်ကုန်ကြမ်းတစ်ခုဖြစ်ပြီး သံ၊ သံမဏိလုပ်ငန်းများ၊ ဘက်ထရီလုပ်ငန်းများတွင် အဓိကအသုံးပြုလျက်ရှိကြောင်းသိရသည်။ နိုင်ငံတကာသံမဏိနှင့် ဘက်ထရီကုန်ကြမ်းလိုအပ်ချက်ကြောင့် ပြည်တွင်းမှ သတ္တုတူးဖော်သူများအတွက် ဈေးကွက်အလားအလာကောင်းမွန်လျက်ရှိသည်။ မဂ္ဂနီဒိုင်အောက်ဆိုဒ်သတ္တုများကို ထိုင်းနိုင်ငံသို့တင်ပို့ပြီး လမ်ချဘန်ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြသည်။
နှစ်စဉ်ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၀၂၂ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၇ သန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၂၆၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၄ သန်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သြဂုတ် ၂၁ ရက်ထိ တန်ချိန် ၃၀ဝ၀တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တင်ပို့ခဲ့သည်။
ကြေးနီကို သဘာဝဒြပ်စင်အစစ်အတိုင်း (Native Copper) တစ်ခါတစ်ရံတွေ့ရတတ်သော်လည်း အများအားဖြင့် (Chalcopyrite - CuFeS₂) ရွှေဝါရောင်ကန့်ကြေးနီသတ္တုရိုင်းအဖြစ်တွေ့ရများသည်။ ကြေးနီသည်လျှပ်စစ်စီးကူးမှု အလွန်ကောင်းမွန်သောကြောင့် လျှပ်စစ်ဝါယာကြိုးများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ မော်တာများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်(Renewable Energy) ကဏ္ဍအတွက် ဗျူဟာမြောက်ကုန်ကြမ်းဖြစ်သည်။ မြန်မာနိုင်ငံတွင်စစ်ကိုင်း တိုင်းဒေသကြီး မုံရွာဒေသရှိ လက်ပံတောင်းတောင်နှင့် စပယ်တောင်၊ ကြေးစင်တောင်တို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကြေးနီစီမံကိန်းကြီးများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံသို့ နှစ်စဉ် Copper Metal များကို တင်ပို့လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၀ဝ၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၃၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၀ဝ သန်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သြဂုတ်လ ၂၁ ရက်ထိ တန်ချိန် ၉၇၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်း တင်ပို့ခဲ့သည်။
ခနောက်စိမ်းကို သဘာဝတွင်အလွတ်အတိုင်းတွေ့ရှိရပြီးStibnite Sb2S3 ခေါ် ကန့်ဝင်ခနောက်စိမ်းသတ္တုရိုင်းအဖြစ်တွေ့ရှိရသည်။ ခနောက်စိမ်းသည် ခဲနှင့်ရောစပ်ပါကခဲကိုပိုမိုမာကျောစေသည့်ဂုဏ်သတ္တိရှိသဖြင့် လျှပ်စစ်ဘက်ထရီများ၊ စစ်ဘက်ဆိုင်ရာ ခဲယမ်းမီးကျောက်များနှင့် မီးခံပစ္စည်းများထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည်။ ခနောက်စိမ်းသတ္တုတွင် ခနောက်စိမ်း ၂၂ ဒသမ ၇၇၅ ရာခိုင်နှုန်းနှင့် ငွေ ၃၀ ဒသမ ၈၇၅ PPMပါဝင်သည်။ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ခနောက်စိမ်းသတ္တုတင်ပို့မှု မှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၈၀ တင်ပို့နိုင်ခဲ့သည်။
ဖယ်ရိုမင်းဂနီး(စ်) စမ်းသပ်ရှေ့ပြေးစက်ရုံကို တာချီလိတ်မြို့၊ နမ့်မလွတ်ကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိပြီး ပြည်ပသို့ကုန်ကြမ်းတင်ပို့ခဲ့ပြီး အနိမ့်ဆုံး ၇၅ ဒေါ်လာမှ အမြင့်ဆုံး ၁၁၃ ဒေါ်လာထိရရှိခဲ့သည်။ ယခု မဂ္ဂနီဒိုင်အောက်ဆိုဒ်မှဖယ်ရိုမင်းဂနီး(စ်)ကျိုချက်သည့်လုပ်ငန်းကို စမ်းသပ်ဆောင်ရွက်လျက်ရှိပြီးဖရိုမဂ္ဂနီလုပ်ငန်းသည်ပြည်တွင်းတွင်စက်ရုံမရှိသေးသည့်အတွက် ပထမဆုံးအကြိမ်စတင်ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ကြောင်း၊အဆင့်အမြင့်ဆုံးGrade ဖြစ်သည့် အတွက် ၇၅ ရာခိုင်နှုန်းမဂ္ဂနီပါဝင်မှုရရှိအောင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း
