ဈေးကစားသူများကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်တက် သုံး ရက်ကြာ ကျင်းပတဲ့ အင်ဒိုနီးရှား စားအုန်းဆီ ညီလာခံနဲ့ ဈေးနှုန်း အလားအလာများ ထွက်ပေါ်လာပြီး ဈေးကစားသူများ ဝယ်ယူမှုတွေရှိလာလို့ နိုဝင်ဘာလ ၃ဝ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီအခြေခံစာချုပ်ဈေးဟာ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၄၈၆ (ကန်ဒေါ်လာ ၁၁ဝ၅) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံ စားအုန်းဆီအဓိက စိုက်ပျိုးတဲ့ ဒေသများမှာ မိုးသည်းထန် ရွာသွန်းနေခြင်းက ရိတ်သိမ်းမှုကို အနှောင့်အယှက်ဖြစ်စေတာမို့ လာမယ့် ရက်တွေမှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ တစ်တန်ကိုရင်းဂစ် ၃၆ဝဝ-၃၇ဝဝ (ကန်ဒေါ်လာ၁၁၄၁-၁၁၇၃) ဖြစ်လာနိုင်တယ်လို့ ကွာလမ်လာပူရှိ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှားရဲ့ ၂ဝ၁ဝ အတွက် စားအုန်းဆီကြမ်း ထုတ်လုပ်မှုဟာ မလေးရှား စားအုန်းဆီအဖွဲ့ (MPOB ) က ခန့်မှန်းတဲ့ တန်ချိန် ၁၇ ဒသမ ၃ သန်းထက်လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်အချို့နဲ့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ထွက်ရှိမှုဟာ (MPOB )ခန့်မှန်းတာထက် တန်ချိန် ငါးသိန်း ကျဆင်းဖွယ် ရှိတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ နိုဝင်ဘာလ စားအုန်းဆီ တင်ပို့မှုဟာ အောက်တိုဘာလထက် ၁၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၇ သန်းရှိတယ်လို့ SGS မှဆိုပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ EU တို့က ဝယ်လိုအားကောင်းဖွယ်ရှိတာကြောင့် ဒီဇင်ဘာလမှာ တင်ပို့မှု အရှိန်ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် စားအုန်းဆီဈေးမြင့်တက်ခြင်းနဲ့ ဒေလီယံကုန်စည် ဒိုင်မှာ ကြိုပွိုင့်ဈေးမြင့်တက်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဖေဖော်ဝါရီ၊ မတ်လအတွက် စားအုန်းဆီ တစ်တန်ကို ကန်ဒေါ်လာ ၁၁၃ဝ၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် ဈေးဟာ ကန်ဒေါ်လာ ၁ဝ၉၅ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာလည်း ရင်းဂစ် ၃၅ မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၅၄၅ (ကန်ဒေါ်လာ ၁၁၂၄) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Sources: palmoilhq.com
Background