ပဲသစ်ပေါ်ချိန် တရုတ်အဆွဲသွက်လို့ မုံရွာပဲတီ ဈေးတက်လာ မုံရွာကုန်စည်ဒိုင် မေလတတိယပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ နယ်စုံက ရေသွင်းပဲတီစိမ်းတွေ အဝင်သွက်လာသလို တရုတ် ဝယ်လက် အဆွဲသွက်နေလို့ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ပဲအများစု မိုးလွတ်ခဲ့ကြတဲ့အတွက် အရည်အသွေးလည်း ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲသစ်စပေါ်ချိန်မေလဆန်းကတစ်တင်း ၂၅ဝဝဝ ကျပ် နဲ့ဈေးဖွင့်ခဲ့သလို ဒုတိယပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ရုတ်တရက်ထိုးကျခဲ့ရာက တရုတ်အဆွဲသွက်တဲ့ တတိယပတ် မေ ၁၈ ရက်က တစ်တင်း ၃၁ဝဝဝ ကျပ်ထိအမြင့်ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် နယ်စုံကပဲတီတွေ ဝင်သလောက် ရောင်းခဲ့ကြရလို့ ယခုပေါ်စအချိန်မှာ တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန္တလေးကို တစ်ရက်အိတ် ၇ဝဝ မှ ၁ဝဝဝ ကြားနေ့စဉ်တင်ပို့မှု ရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်မှ ကြားသိရပါတယ်။ ထွန်းလှိုင်
Background