နှစ်ကြိမ်မြုပ် နှစ်ခါစိုက်တဲ့ လယ်သမား ယခုနှစ် မုတ်သုံမိုးကတော့ ကောင်းလွန်းပါတယ်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရဲ့ သြဂုတ်လကုန် အထိ ပုံမှန်မိုးရွာရက် ၈၉ ရက်နဲ့ မိုးရေချိန်က ၈၂ ဒသမ ၈၇ လက်မဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်က သြဂုတ်လကုန်ထိ မိုးရွာသွန်းမှု အခြေအနေများကို ပြန်ကောက်ကြည့်ရရင်လည်း ၂၀၀၉ ခုနှစ်မှာ မိုးရွာ ရက် ၈၆ ရက်နဲ့ ၈၂ ဒသမ ၁၀ လက်မ၊ ၂၀၁၀ ခုနှစ်မှာ မိုးရွာရက် ၇၉ ရက်နဲ့ ၆၅ ဒသမ ၂၈ လက်မ၊ ယခုနှစ် ၂၀၁၁ ခုနှစ်မှာ မိုးရွာရက် ၁၀၁ ရက်နဲ့ ၉၇ ဒသမ ၄၃ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု သုံးကြိမ်ထိဖြစ်ခဲ့ပြီး၊ မိုးစပါးစိုက်ပျိုးရာတွင် ထိခိုက်မှု ပျက်စီးမှုရှိခဲ့ပေမယ့် ရေကျပြန်ပေါ်ပါ က ပြန်စိုက်ကြပါ တယ်။ ရေကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧက ၂၃၂၀၈ ဧကအနက် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ၈၄၃၈ ဧက ကို စိုက်ပျိုးပြီးဖြစ်ရာ ကျန်စိုက်ပျိုးရန်ဧကများကို စက်တင်ဘာလကုန်အပြီး၊ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက် လျက်ရှိပါတယ်။ ကဝမြို့မရပ်ကွက်က လယ်သမားကြီးတစ်ဦးဖြစ်တဲ့ ဦးဝင်းနဲ့တွေ့ဆုံခဲ့ရာ “ကျွန်တော့်မှာ လယ် ၈ ဧကရှိတယ်ဗျာ ရေနှစ်ကြိမ်မြုပ်တယ်၊ ဒါကြောင့် နှစ်ခါပြန်စိုက်တာ ပြီးသွားပြီဖြစ်ပါတယ်။ တစ်ခါပြန် စိုက်တဲ့အခါ ငှားလုပ်မယ်ဆိုရင် စက်ခုတ်ခနဲ့ ထွန်မွှေခက တစ်ဧကကို ကျပ် ၁၀၀၀၀ နဲ့ မျိုး ၂ တင်းဖိုး ကျပ် ၈၀၀၀ ကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်တိုင်လုပ်တော့ မျိုးဖိုးပဲ ပိုကုန်တာပေါ့။ ဒုတိယအကြိမ်ပြန်စိုက်တဲ့အခါ အောင်ရေမီအောင် ရက် ၉၀စပါးမျိုးပဲစိုက်တယ်၊ တော်သလင်းမိုး ကန် သင်းကျိုးဆိုတဲ့အတိုင်း သီတင်းမကျွတ်ခင် မိုးရွာရင် အောင်ရေစုထားမယ်- ကျွန်တော်တို့လယ်သမားတွေ အတွက် သဘာဝကိုအံတုဖို့ ဇွဲပဲလိုပါတယ်”လို့ ပြောကြားသွားပါတယ်။ TT- ပဲခူး
Background