Main menu

Background

တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုပြီး ပဲခူးတိုင်းဒေသကြီးမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းခွဲ ဖွဲ့စည်းလိုက်ပြီ

Mon, 03/12/2012 - 09:36 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီးမှာ  ရော်ဘာကို တဖြည်းဖြည်းတိုးချဲ့ စိုက်ပျိုးလာခဲ့ရာ ယခုအခါ ခရိုင်လေးခု၊ မြို့နယ် ၂၈ မြို့နယ် ရှိတဲ့အနက်၊ ခရိုင် သုံးခု၊ မြို့နယ် ၁၂ မြို့နယ်တွင် စိုက်ဧက ၁၀၁၂၃၂ ဧကအထိ တိုးချဲ့စိုက်ပျိုးလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဓိက စိုက်ပျိုးတဲ့ ပဲခူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာလည်း ပြီးခဲ့တဲ့လက မြို့နယ်အသင်းခွဲ ၂ ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါ တယ်။ ယခုအခါ မြို့နယ် ၂မြို့နယ်အပါအဝင် အခြား ကျန် ရှိတဲ့ ရော်ဘာ စိုက်ပျိုးတဲ့ မြို့နယ်များမှ ကိုယ်စားလှယ်များနဲ့ ပဲခူးတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ခွဲကို ၂၀၁၂ ခုနှစ် မတ်လ ၂ ရက်(တောင်သူလယ်သမားနေ့) မှာ အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းခြင်းအခမ်းအနားကို မတ်လ ၂ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်မှာ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးတင်စိုး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်ဌေး၊ မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေအတွင်း ရေးမှူး ဦးခိုင်မြင့်၊ စက်မှု သီးနှံဖွံ့ဖြိုးရေးသီးနှံဌာန (နှစ်ရှည်ပင်) တိုင်းဒေသကြီး မန်နေဂျာ ဦးနိုင်ဦး၊ မြန်မာ့လယ်ယာ ထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးတိုင်းဒေသကြီးမန်နေဂျာဦးဝင်းအောင် နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ် အသင်းခွဲနဲ့ မြို့နယ်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက် ကြပါတယ်။ အခမ်းအနားမှာအဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ နာယက များ ဖြစ်တဲ့ ဦးမြင့်ဦး ဥက္ကဌဦးဆောင်ပြီး၊ အလုပ်အမှုဆောင် ၂၂ ဦးပါဝင်တဲ့၊ ပဲခူးတိုင်းဒေသကြီး၊ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများပါဝင်တဲ့ ပဲခူးတိုင်းဒေသကြီး၊ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများ အသင်းခွဲကို ဖွဲ့စည်းခဲ့ပါတယ်။     အခမ်းအနားမှာ  ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနဝန်ကြီး ဦးတင်စိုးက ရှေ့အနာဂတ် တွင် ဒီမိုကရေစီစနစ်အရ ပုဂ္ဂလိကကို ဦးစားပေးတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဆောင်ရွက်ရာတွင် အသင်းအဖွဲ့ များစုဖွဲ့ပြီး တစ်ဦးတစ်ယောက်ချင်းရဲ့ အကျိုးနဲ့အများအကျိုး ပေါင်းစပ်ဆောင်ရွက်တတ်တဲ့အလေ့အကျင့်များမွေးမြူ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အလား အလာကောင်းပြီး၊ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား ကောင်း နေတဲ့ရော်ဘာစိုက်ပျိုးနိုင်တဲ့ မြေဧရိယာ ၃ သိန်းကျော် ကျန် ရှိနေပါကြောင်း၊ ရော်ဘာစိုက်ပျိုး ဧကများကို တိုးတက်လာစေ ရေးအတွက် စိုက်ပျိုးမြေများရရှိရေး ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စိစစ် ချထားပေးလျက်ရှိပါကြောင်းနဲ့ ယနေ့ဟာ ပဲခူးတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း ခွဲကို ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် အားလုံးရဲ့ကိုယ်စား ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားသွားပါတယ်။    မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့်က ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကို စတင် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ တိုင်းနဲ့ပြည်နယ် အသင်းခွဲ များကို တိုးတက်ဖွဲ့စည်းရာ ယခုလို ပဲခူးတိုင်းဒေသကြီး အသင်းခွဲကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သဖြင့် ဂုဏ်ပြု ကြိုဆိုပါကြောင်း၊ အသင်းခွဲခိုင်မာရှင်သန်ရေးအတွက် ဗဟိုအသင်းမှ အဖက်ဖက် မှ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသွား ပါတယ်။    ပဲခူးတိုင်းဒေသကြီး၊ နှစ်ရှည်ပင် တိုင်းဒေသကြီးမန်နေဂျာ ဦးနိုင်ဦးမှလည်း ပဲခူးတိုင်းဒေသကြီးမှာ ၁၉၉၄ ခုနှစ်က အင်းတကော်နဲ့ ရွှေကျင်ရှိ နိုင်ငံပိုင်ရော်ဘာစိုက်ခင်းနဲ့ ပုဂ္ဂလိက စိုက်ခင်းဧက ၅၀၀၀ ကျော်ခန့်သာရှိခဲ့ရာ ယခုအခါ စိုက်ဧက ၁ သိန်းကျော်အထိ တိုးတက်စိုက်ပျိုးလာခဲ့ပြီဖြစ်ပါကြောင်း၊ ရော်ဘာစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်သူများ၊ အလုပ် အကိုင် တိုးတက်လာစေပြီး၊ နိုင်ငံခြားဝင်ငွေပါ တိုးတက်လာ မှာ ဖြစ်ပါကြောင်း၊ ရော်ဘာမျိုးကောင်းမျိုးသန့်များ ပြောင်း လဲရွေးချယ်စိုက်ပျိုးရေး ရော်ဘာထုတ်လုပ်မှု ခေတ်မီနည်း ပညာ ပြန့်ပွားရေး လုပ်ငန်းများကို အဖွဲ့အစည်း ဖွဲ့စည်းထားရှိ ခြင်းကြောင့် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသွားပါတယ်။     ဖွဲ့စည်းလိုက်တဲ့ ပဲခူးတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းခွဲ ဥက္ကဌ ဦးမြင့်စိုးကလည်း မိမိတို့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် တကယ် အသက် ဝင်လှုပ်ရှားတဲ့ အသင်းဖြစ်အောင် ကြိုးစား ဆောင်ရွက်သွား မှာ ဖြစ်ကြောင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အားလုံး ပါဝင်လာအောင် စုစည်းပြီး ရော်ဘာစိုက်ပျိုး ထုတ် လုပ်မှု ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များ၊ နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရယူခြင်း၊ မြေယာကိစ္စ များကို ဖြေရှင်းခြင်း ၊ သဘာဝအန္တရာယ်စုပေါင်း ကာကွယ် ခြင်း၊ ရော်ဘာကုန်ကြမ်း၊ ကုန်ချောထုတ်လုပ်ခြင်းစတဲ့ ကိစ္စများကို စုပေါင်းအင်အားနဲ့ ဆောင်ရွက်မှာဖြစ်သလို ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ အခက် အခဲများကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း ပြောကြားသွားတယ်လို့ သတင်းရရှိပါတယ်။TT