Main menu

Background

စားသုံးသူအခွင့်အရေး ထိန်းကျောင်းခြင်းမှသည် ပြည်သူ့ဝန်ဆောင်မှုကောင်းဆီသို့

Fri, 10/08/2021 - 14:29 -- journal_editor

လူသားတို့သည် အသက်ရှင်သန်ရပ်တည်ရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်ကြရသည်။ လူတို့သည် အသက်ရှင်သန်ရေးအတွက်   စီးပွားရေးလုပ်ကြသည်။ ထို့သို့လှုပ်ရှားရုန်းကန် စီးပွားရေးလုပ်ကြရာတွင် လူအချင်းချင်း ဆက်သွယ်ကြသည်။ ပေါင်းစပ်ကြသည်။ ညှိနှိုင်းကြရသည်။ထိုအထဲမှ တခါတရံ လူမှုဝန်းကျင်များအကြား အဆက်အဆံအဆက်အသွယ်များ အဆင်မပြေမှုများ ကြုံတွေ့ကြရသည်။ စီးပွားရေးလုပ်ကြသူဟု ဆိုရာတွင် တစ်စုံတစ်ယောက်သည် ဆက်သွယ်သွားလာရေး လုပ်ငန်းလုပ်သူ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လျှင် ထိုသူသည် ခရီးသွားမည်ဆိုပါက အခြားစီးပွားရေးလုပ်ငန်းလုပ်သူများဖြစ်သော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှိင်၊ ဟိုတယ်လုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် ဆက်သွယ်ရမည်။ အဆင်ပြေနေမည်ဆိုပါက ပြဿနာမဖြစ်နိုင်သော်လည်း အဆင်မပြေမှုများ ကြုံတွေ့လာရလျှင် စိတ်ဆိုးဒေါသ ဖြစ်ကြသည်။ စိတ်၏ထွက်ပေါက်အဖြစ် တစ်နေရာရာတွင် ပေါက်ကွဲပြကြသည်။

ထိုကဲ့သို့ စီးပွားရေးလုပ်သူများအကြားအဆင်မပြေမှုများမှတဆင့် ဒေါသများပါလာကာ နစ်နာသွားကြသူများ ရှိကြသည်။ ထိုကဲ့သို့ နစ်နာသွားသူများက  မိမိ၏ ဆုံးရှုံးသွားသော အခွင့်အရေးကို ပြန်လိုချင်ကြသည်။ ပြန်တောင်းချင် ကြ သည်။  ထိုကဲ့သို့နစ်နာမှုများကို ယခင်က ပြန်လည်ဖြေရှင်း ပေးသည့် အဖွဲ့အစည်းဟူ၍ မရှိပေ။

ယနေ့မျက်မှောက်ခေတ်တွင်မူ စားသုံးသူအခွင့်အရေး၊ ရောင်းသူနှင့်ဝယ်သူအခွင့်အရေးဆိုပြီး ကျယ်ကျယ်လောင်လောင် ပြောလာကြသည်။ နစ်နာမှုများကို ဖြေရှင်းပေးသည့် ရုံးဌာနများက ဉပဒေများဖြင့် ပြဌာန်းကာ  ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိကြသည်။ စားသုံးသူတို့၏ အခွင့်အရေးများ၊ မကျေနပ်ချက်များ ၊ နစ်နာမှုများကို တိုင်ကြားနိုင်ရန်အတွက်လည်း တိုင်းဒေသကြီး/ပြည်နယ်များနှင့် ခရိုင်မြို့ကြီးများတွင် ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center ( CICC ) ရုံးများ ဖွင့်လှစ်ထားရှိပြီး မိမိတို့မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ သွားရောက်၍ သော်လည်ကောင်း Online မှတဆင့် တိုင်ကြားလိုလျှင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တည်ထောင် ဖွင့်လှစ်ထားရှိသော www.commerce.gov.mmနှင့် DOCA Myanmar Application တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်းလည်း သိရသည် ။

ကမ္ဘာတစ်ဝှမ်း၌ စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၁၁၅ နိုင်ငံနှင့် စားသုံးသူရေးရာနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းပေါင်း ၂၂၀ ကျော်က တက်ကြွစွာ ဖွဲစည်းလှုပ်ရှားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် လည်း စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ၂၀၁၃ ခုနှစ်၊ မေလတွင် ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနကို သီးခြားဖွဲ့စည်း၍ စားသုံးသူကာကွယ်ပေးရေးဥပဒေနှင့်အညီ စားသုံးသူတို့၏အခြေခံအခွင့်အရေးများကို မြှင့်တင်ပေးခြင်းနှင့် စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် စားသုံးသူအကာအကွယ်ပေးရေးလှုပ်ရှားမှုများကို ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းဥရောပတိုက် နှင့် မြောက်အမေရိကတိုက်တို့တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ (၁၅) ရက်နေ့၌ သမ္မတ ဂျွန်အက်(ဖ်)ကနေဒီ မှ အမေရိကန်ကွန်ကရက်တွင် စားသုံးသူအကာအကွယ် ပေးရေးဥပဒေကို ကြေငြာချက်ထည့်သွင်းဖော်ပြခဲ့မှုကြောင့် လူအများအပြား ပိုမိုစိတ်ဝင်စားကာ စားသုံးသူအကာအကွယ်ပေးရေး လုပ်ဆောင်မှုများ ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ကမ္ဘာ့နိုင်ငံများအားလုံး စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများနှင့် ဥပဒေပြဌာန်းမှုများ ဖွံ့ဖြိုးတိုးတက်ခိုင်မာတောင့်တင်းစေရေး အကူအညီပေးနိုင်ရန် ၁၉၈၅ ခုနှစ် ဧပြီလ(၉) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အထွေထွေညီလာခံ အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၃၉/၂၄၈)ဖြင့် စားသုံးသူများအကာအကွယ်ပေးရေးအတွက် လမ်းညွှန်ချက်များချမှတ်ပြီး စားသုံးသူတို့သည် ဘယ်တော့မှ မမှားပါ ဆိုသည့် အတိုင်း အပြည့်အဝ အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းပေးခဲ့ပါသည်။

ကုလသမဂ္ဂ၏ စားသုံးသူများအကာအကွယ်ပေးရေးအတွက် လမ်းညွှန်ချက်ဖြစ်သည့် “ United Nation Guide Lines Consumers Protection ” ကို ချမှတ်ပေးခဲ့သည် ။ လမ်းညွှန်ချက်၏ အနှစ် ချုပ်မှာ စားသုံးသူများ၏ အခြေခံ လိုအပ်ချက်များကို ပြည့်စုံမှုရှိစေရန်၊ ဘေးဥပါဒ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ စားသုံးနိုင်စေရန်၊ သတင်းအချက်အလက် ပြည့်စုံစွာရရှိစေရန်၊ လွတ်လပ်စွာ ရွေးချယ်နိုင်စေရန် ထိခိုက်နစ်နာမှုများအတွက် ပြောဆိုတင်ပြနိုင်ပြီး လျော်ကြေးရယူပိုင်ခွင့ ရှိစေရန်၊ စားသုံးသူရေးရာကိစ္စများနှင့်ပတ်သက်ပြီး သင်ယူလေ့လာနိုင်စေရန်၊ ကောင်းမွန်ရှင်သန်သော ပတ်ဝန်းကျင်ကို ရရှိစေရန်တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးရေးအတွက် ဥပဒေတစ်ရပ်ရေးဆွဲပြီးထိုဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် စတင်ပြဌာန်းခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ( ၁၅ ) ရက်နေ့တွင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်  ဥပဒေပအမှတ် ၉။ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲ၍ ပြဌာန်းခဲ့ပါသည်။ စားသုံးသူပြည်သူများ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ရယူရာတွင် နစ်နာ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို စားသုံးသူကာကွယ်ရေးဟု ဆိုလိုခြင်းပင်ဖြစ်သည်။

စားသုံးသူကာကွယ်ပေးရေးဥပဒေပါ အခန်း ( ၁၈ ) ပုဒ်မ ၄၁ အရ စားသုံးသူများအနေဖြင့် မိမိတို့ ဝယ်ယူအသုံးပြုလိုသည့် ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက် ( ၈ ) ချက်သည် စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ ဘေးဥပါဒ်ကင်းရှင်းစွာဖြင့် စိတ်တိုင်းကျ ရွေးချယ်ဖတ်ရှု၍ ဝယ်ယူအသုံးပြုနိုင်သည်ဟု ကုန်စည်များတွင် ဖော်ပြထားသော ကုန်ညွှန်းအမှတ် အသားများက သိသာထင်ရှားစွာ ပါရှိလာသည်ကို တွေ့ရှိရပါသည်။

စားသုံးသူ ( Consumers ) များအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါသည်။ မိမိတို့၏ အခွင့်အရေးအတွက်တည်းသာ မကြည့်ဘဲ စီးပွားရေး လုပ်ငန်းရှင်များအပေါ်တွင် စားသုံးသူအခွင့်အရေးများပြောဆိုရာတွင် စီးပွားရေးလုပ်ငန်းရှင်များ ဝန်ဆောင်မှုပေးသူတို့၏ အခွင့်အရေးများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ကောင်းမွန်သောလုပ်ငန်းစနစ်များကို ဖော်ဆောင်ပေးရမည်။ အကူအညီများလိုအပ်ပါက ဆက်သွယ်ပေါင်းကူးချိတ်ဆက်ပေးရမည်။ ထိုမှသာ တိုင်းပြည်၏ စီးပွားရေးထုတ်ကုန်များသည် ဒေသတွင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းသည် စားသုံးသူများအပေါ်ကာကွယ်စောင့်ရှောက်ပေးနေခြင်း ဖြစ်သည့်အပြင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မားသည့်ကုန်စည်များကို ထုတ်လုပ်တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများကိုလည်းရရှိစေရန် ဖော်ဆောင်ပေးနေခြင်းပင် ဖြစ်ပါသည်။

စားသုံးသူအခွင့်အရေးကောင်းမွန်တိုးတက်နေခြင်းသည် စီးပွားရေးလုပ်ငန်းရှင်တို့၏ ထုတ်ကုန် အရည်အသွေး တိုးတက်ကောင်းမွန်ခြင်း ၊ ပြည်သူအားကိုးခြင်း၊အောင်မြင်ခြင်းများ ရရှိမည်ဖြစ်သည်။ ထို့ကြောင့် စားသုံးသူအခွင့်အရေး ကောင်းမွန်ခြင်းနှင့် စီးပွားရေးထုတ်ကုန်ကောင်းမွန်ခြင်းသည် သင်္ချာ သဘောတရားအရကြည့်လျှင် တိုက်ရိုက်အချိုးကြသည်ဟု ပြောဆိုရမည်ဖြစ်သည် ။

နှစ်ဦးနှစ်ဖက်အကျိုးရှိခြင်းသည် ကောင်းမွန်သောရလာဒ်ကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ မြန်မာစကားပုံအနေနှင့်ပြောရလျှင် ကုသိုလ်လည်းရ ဝမ်းလည်းဝခြင်းဖြစ်သည်။ ကောင်းသောအသက်မွေးခြင်းဖြင့်"ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝ " သကဲ့သို့ ကောင်းသော အမှုကို သူတစ်ပါးအတွက် စေတနာကောင်းနှင့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိအကျိုးလည်း တစ်ပါတည်းပြည့်စုံသည်ကို ဆိုလိုသည်။

အနှစ်ချုပ်အားဖြင့် ဆိုရလျှင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံအတွက် ကောင်းမွန်သော ရလာဒ်ကောင်းများရရှိနိုင်စေရေး ၊ ပြည်သူတို့အတွက် စားသုံးသူအခွင့်အရေး ထိန်းကျောင်းခြင်းမှသည် ပြည်သူ့ဝန်ဆောင်မှုကောင်းများကို ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်ပါသည်။

သိမ့်သိမ့် ( ကလေး ၊ စားသုံး)