Main menu

Background

ပြည်တွင်းထုတ်ကုန်အားပေးစို့

Tue, 03/28/2023 - 11:40 -- journal_editor

လူတစ်ကိုယ် အကြိုက်တစ်မျိုး ရှိကြစမြဲဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများတွင် လက်ဝတ်ရတနာနှစ်သက်သူ၊ အစားအသောက် ခုံမင်သူ၊ အဝတ်အစားကြိုက်သူ၊ အမွှေးနံ့သာကြိုက်သူ၊ အိတ်ပေါင်းစုံ ထည်လဲကိုင်သူ၊ ဖန်စီပစ္စည်း နှစ်သက်သူများကို တွေ့မြင်ကြရသည်။ ယခုအခါ Korea Drama များကြောင့် ခေတ်ရေစီးကြောင်း ပြောင်းလဲလာပြီး မျက်နှာခွဲစိတ်ပြုပြင်သူ၊ ခြေသည်း လက်သည်း အလှဆင်သူ၊ ကျန်းမာရေးအတွက် ရနံ့ကုထုံး လိုက်စားသူများကို တွေ့ရှိလာရသည်။
၁၆ ရာစုနှစ်တွင်  ပြင်သစ်နိုင်ငံ၌  ပန်းများမှ ရေမွှေးကို စတင်ထုတ်လုပ်ခဲ့ကြောင်း၊  နံရံဆေးရေးပန်းချီများမှတစ်ဆင့် သိရှိခဲ့ရသည်။ ပထမဆုံးသော ရေမွှေးစပ်သည့်ပညာရှင်မှာ ဘေဘီလုံမှ တပွတ်သီဟု အမည်တွင်သည့် အမျိုးသမီးသည် ရေမွှေးကို စတင်ထုတ်လုပ်ခဲ့ရာ ကမ္ဘာပေါ်တွင် ရေမွှေးစတင်ထွက် ရှိခဲ့သည်။ ယခုဆိုလျှင် ရာစုနှစ်များစွာတိုင်အောင် ကြာမြင့်နေပြီ ဖြစ်သည်။ ရေမွှေးသည် နိုင်ငံ၏ဝင်ငွေကို ကောင်းစွာရှာဖွေပေးသည့် ကဏ္ဍတွင် တဖြည် းဖြည်း နေရာယူလာသည်။ ယခုနောက်ပိုင်းတွင် နိုင်ငံဒေသအသီးသီးရှိ  လူကြိုက်များသည့် အနံ့များကို အခြေခံ၍လည်း ရေမွှေးပညာရှင်များက ရနံ့သစ်များကို ရှာဖွေ ထုတ်လုပ်လာသည်။ ယခင်က Lavender ပန်းနံ့၊ နှင်းဆီရနံ့တို့ကို သာ အဓိကသုံးစွဲရာမှ နောက်ပိုင်းတွင် လူမျိုးအသီးသီး၏ ဒေသထွက်ကုန်ပစ္စည်းအပေါ်  အကြိုက်ကိုရှာဖွေ၍ Green Tea အနံ့၊ စန္ဒကူးအနံ့၊ သနပ်ခါးအနံ့ စသဖြင့် ကျယ်ပြန့်စွာ ထုတ်လုပ်လာပါသည်။ Perfume is an art  ရေမွှေးသည် အနုပညာဆန်သည်ဟု ဆိုသည့်အတိုင်း စိတ်ခံစားမှု၊ ပတ်ဝန်းကျင် အခြေအနေ သွားရောက်သည့် အခမ်းအနား၊ ဝတ်စားဆင်ယင်မှုပေါ် မူတည်၍ သုံးစွဲမည့် ရေမွှေးရနံ့သည်လည်း ကွဲပြားခြားနားသည်။ ရေမွှေးကို အဓိကအား ဖြင့် အမျိုးသမီးအများစု နှစ်သက်စွာ သုံးစွဲကြသည်။ လူကုံထံများသာ သုံးစွဲရာမှ နောက်ပိုင်းတွင် လူတန်းစားမျိုးစုံ သုံးစွဲနိုင်ရန် ရည်ရွယ်၍ တံဆိပ်အသီးသီးဖြင့်  ဈေးကွက်သို့ ဝင်ရောက်လာသည့် ရေမွှေးများကို တွေ့ရှိရသည်။ 
ပြည်တွင်း၌ ယခင်က ရေမွှေးကို သင်္ဘောသားများ၊ နိုင်ငံခြားပြန်သူများ၊ စကော့ဈေးမှတစ်ဆင့် ပြန်လည်ဝယ်ယူခဲ့ရပြီး နောက်ပိုင်းတွင် ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာများနှင့် အမျိုးသမီးမိတ်ကပ်၊ အလှပြင်ပစ္စည်းရောင်းသည့် ဆိုင်များတွင် လွယ်ကူစွာဝယ်ယူနိုင်သည်။ နည်းပညာနှင့် ဈေးကွက်စီးပွားရေးစနစ် ထွန်းကားပြီးနောက် Digital Marketing Platform များ အသုံးပြုလာမှုတို့ကြောင့် ပညာရှင်တို့သည် ရေမွှေးကို ဖော်စပ်ထုတ်လုပ် ရောင်းချလာသည်။ ကမ္ဘာပေါ်တွင် ရေမွှေးအဓိက ထုတ်လုပ်သည့် ပြင်သစ်နိုင်ငံရှိ Grasse Institute Of Perfumery ကျောင်းသို့ သွားရောက်ပညာသင်ယူပြီး မြန်မာပြည်တွင်းဈေးကွက်ထဲ စတင်လှမ်းဝင်လာသည့် ရေမွှေးပညာရှင် ဒေါ်လွင်မာအောင်နှင့်တွေ့ ဆုံပြီး Philyra အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပစ္စည်းများနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ ရေမွှေးပညာရှင်က ဖော်စပ်ထုတ်လုပ်သည့် ရေမွှေးကို Perfumer Blend ဟု ခေါ်ဝေါ်လေ့ရှိသည်။
Perfumer Blend မှ Sense of Burma Collection Series ဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီး ခြောက်မြို့ကို ကိုယ်စားပြုပြီး ထုတ်လုပ် သည့် ရေမွှေးရနံ့ ခြောက်မျိုးမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကလော၊ မေမြို့၊ ငပလီဖြစ်ပြီး  ရနံ့ခြောက်မျိုးပါသည့် ရေမွှေးများအား ဈေးကွက်သို့ ၂၀၂၁ ခုနှစ်မှစတင်၍ Digital Marketing ဖြင့် ထိုးဖောက်ခဲ့သည်။ အဆိုပါ ရနံ့ခြောက်မျိုး၏ တစ်ခုချင်းစီတွင် ထူးခြားသည့် Story များပါဝင်သည်။ ပုဂံရနံ့သည် ရှေးခေတ်ပုဂံ ဘုရားများ၏ အုတ်ရနံ့များကို  အခြေခံပြီး နွေးထွေးမှု၊ ဝငြွ့်ကားမှု ရှိခြင်းကို ကိုယ်စားပြုသည်။ မန္တလေးရနံ့သည် မန္တလေးမင်းနန်း တော်ရှိ ကျွန်းတိုင်လုံးသားများ  ရနံ့ကို အခြေခံပြီး ထုတ်လုပ်ထား သည်။ ကလောရနံ့သည် ကလောမြို့ပြင်ရှိ စိုက်ခင်း၊ သီးနှံ၊ တောပန်း လေးများ၏ ရနံ့ကို ရောနှောထားသည့် ရနံ့ဖြစ်သည်။ မေမြို့ရနံ့ သည် ကလောရနံ့နှင့် အလွန်ဆင်တူ၍ ကော်ဖီရနံ့ဖြင့် အဆုံးသတ်သည့် ရနံ့မျိုးဖြစ်သည်။  ရန်ကုန်ရနံ့သည် ဆယ်ကျော်သက် လူငယ်လေးများ၏ တက်ကြွလှုပ်ရှားနိုင်မှု  အားကောင်းသည့် ပုံစံကိုတုပ၍ ရန်ကုန်ရနံ့သည် အနံ့ရရုံဖြင့် စိတ်၏တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်သည်။ ငပလီရနံ့သည် ပင်လယ်ပြင်၏ လွတ်လပ်မှု၊ အားကောင်းမှုကို အခြေခံ၍ ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ 
မြန်မာပြည်တွင်း ထုတ်လုပ်သည့် ရေမွှေးများကို အချိန်အခါ ရာသီမရွေး သင့်တင်မျှတသည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းကြောင့် ပြည်တွင်းဖြစ်ကို အားပေးရာရောက်သည်။ ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်သုံးစွဲခြင်းကြောင့် သွင်းကုန်အစား ထိုးမူဝါဒသည် အောင်မြင်မှုရလာပြီး  ပြည်တွင်းထုတ်ကုန် ကဏ္ဍမှာလည်း  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း  ယုံကြည်မိပါသည်။                                                          

MMS